မြစ်ဆုံအရေး ဘယ်သူအဖြေညှိနိုင်မလဲ
၆ သြဂုတ် ၂၀၂၀
အင်လွန်း
ကချင်ပြည်နယ်မှ မြစ်ဆုံရေကာတာ စီမံကိန်းသည် တက်လာမည့်အစိုးရတိုင်းအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ခုဖြစ်နေပါသည်။ “ရာဇဝင်များရဲ့ သတို့သမီး၊ မိခင်ဧရာဝတီ၊ မြန်မာနိုင်ငံရဲ့အသက်သွေးကျော” စသည်ဖြင့် ဧရာဝတီကို တင်စားနေခြင်းသည် တိုင်းရင်းသားပြည်သူများ၏ ရင်ဘတ်ထဲ၌ မည်မျှထိမြတ်နိုးတန်ဖိုးထားရသော မြစ်တစ်စင်းဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ဧရာဝတီမြစ်မကြီး မြစ်ဖျားခံရာ မြစ်ဆုံဒေသတွင် အကောင်အထည်ဖော်မည့် စီမံကိန်းသည် နိုင်ငံရေးခေါင်းဆောင်များအတွက် စိန်ခေါ်မှုကြီးသည့် နိုင်ငံရေးဖိအားတစ်ခုဖြစ်နေပါသည်။
စီမံကိန်းစာချုပ်သည် တပ်မတော်အစိုးရလက်ထက်တွင် တရုတ်အစိုးရနှင့် တပ်မတော်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်ဖြစ်နေပါသည်။ တပ်မတော်အစိုးရလက်ထက် နိုင်ငံတော် ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး၊ ယခင်အစိုးရသက်တမ်းတွင် သမ္မတဖြစ်ခဲ့သူ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် ၎င်း၏အစိုးရသက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်ကြောင့် ထိုအချိန်၌ အရှိန်အဟုန်ရနေသော မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားမှုသည်လည်း အရှိန်လျော့ကျသွားခဲ့ပါသည်။
၎င်းမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမည့် ကြေညာချက်ကြောင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အမှီအခိုပြုနေရသည့် တရုတ်နိုင်ငံနှင့် မြန်မာအစိုးရကြား ဆက်ဆံရေး အေးစက်ခဲ့ရသည်ဟု သုံးသပ်မှုများရှိလာသည်။ စီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ဆိုသော်လည်း တရုတ်၏ချဉ်းကပ်မှုများသည် စိတ်မချရသေးသည့် အခြေအနေများကြောင့် ဒေသခံပြည်သူများသည် စီမံကိန်းကို လုံးဝရပ်နားစေလိုသည့် ၎င်းတို့၏ဆန္ဒကို အခွင့်အခါကြုံတိုင် ထုတ်ဖော်ခဲ့ကြပါသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်မဲဆွယ်စည်းရုံးရေးခရီးတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သည်မှာ ၎င်းတို့ပါတီ အစိုးရဖြစ်လာလျှင် ပထမဆုံးလုပ်မည့်အလုပ်သည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်ကို “ပြည်သူကို ချပြဖို့ကျမတို့လုပ်ပါ့မယ်”ဟု ဟောပြောခဲ့ပါသည်။ သူမဦးဆောင်သည့်ပါတီ အစိုးရဖြစ်လာလျှင် စာချုပ်အကြောင်းတကယ်သိရတော့မည်ဟု ပြည်သူလူထု မျှော်လင့်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း လက်တွေ့တွင် ပြည်သူများမျှော်လင့်ထားခဲ့သလို ဖြစ်မလာခဲ့ပေ။ နှစ်နိုင်ငံချုပ်ဆိုထားသည့်စာချုပ်ကို ချပြရန်မဖြစ်နိုင်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ ပြောကြားချက်ကို Eleven Media သတင်းစာမျက်နှာတွင် တွေ့ရှိရပါသည်။
“အဲဒီ နှစ်နိုင်ငံစာချုပ်ဆိုတာက ချပြလို့မရဘူး။ ကျွန်တော်တို့တောင်မှ စာချုပ်ကိုဖတ်ပြီးနောက် အဲဒီအစည်းအဝေးမှာပဲ ထားခဲ့ရတယ်။ ပြည်သူတွေရဲ့အကျိုးကိုကြည့်ပြီး အကောင်းဆုံး ဖြစ်လာမှာပါလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်”ဟု ပြောကြားထားပါသည်။
စာချုပ်အကြောင်း တိုင်းရင်းသားပြည်သူများကို သိရှိခွင့်ပေးရန် တရားဥပဒေလမ်းကြောင်းအရ နေပြည်တော်တရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု မြစ်ဆုံအရေးဆောင်ရွက်နေသူ ရှေ့နေဦးဖိုးဖြူ၏ ပြောဆိုချက်အရ သိရပါသည်။ ၎င်းသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်စဲရေးအတွက် ထာဝရတားဝရမ်း ထုတ်ပေးရန် တရားဥပဒေလမ်းကြောင်းအရ ဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးဖြစ်ပါသည်။
မြစ်ဆုံနှင့်ပတ်သက်လာလျှင် အစိုးရဖြစ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များသည် ယခင်လိုပြတ်သားသည့် အပြောအဆိုများ သိပ်မတွေ့ရသည်ကို သတိထားမိပါသည်။ “စီးပွားရေးဘက်ကလည်း စဉ်းစားရတယ်။ လူမှုရေးဘက်ကလည်း စဉ်းစားရတယ်။ နိုင်ငံရေးဘက်ကလည်း စဉ်းစားရတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကလည်း စဉ်းစားရတယ်။ တစ်ခုထဲကိုဘဲ စဉ်းစားလို့မရဘူး”ဟု ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်သဘောတူထားသည့် စီမံကိန်းများနှင့် ပတ်သက်လျှင် နိုင်ငံ့ဂုဏ်သိက္ခာအတွက် စကားတည်ရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည့်အပြင် “အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်၊ ဘာ့ကြောင့်ဆိုတာ ရှင်းပြမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။
NLD အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သော်လည်း မည်မည်ရရ ရလဒ်တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။
မြစ်ဆုံစီမံကိန်း မရေမရာမှုနှင့် တရုတ်၏မြစ်ဆုံအရေး ပြန်လည်ပြောဆိုလာမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် တရုတ်ကုန်ကျထားသော ကုန်ကျငွေများကို ပြန်ပေးကာ မြစ်ဆုံကိုပြန်ရွေးကြမည်ဆိုသည့် လှုပ်ရှားမှုမျိုးအထိ မြစ်ဆုံအရေးလှုပ်ရှားမှု တကျော့ပြန် အရှိန်မြင့်လာခဲ့ပါသည်။
၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကာလတွင်လည်း မြစ်ဆုံကိစ္စသည် မပြောလျှင် မပြီးမည့်ကိစ္စဖြစ်နေပါသည်။ “မြစ်ဆုံရေကာတာ ဆက်လုပ်ရေးကို ကချင်ပြည်နယ်လူထုသာမကပြည်နယ်ပြင်ပက ပြည်သူလူထုတွေပါ ဝိုင်းဝန်းကန့်ကွက်နေကြတာဖြစ်တဲ့အတွက် မိမိတို့ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)အနေနဲ့လည်း ပြည်သူလူထုရဲ့ သဘောထားဆန္ဒအတိုင်း အစဉ်အမြဲခိုင်ခိုင်မာမာ ရပ်တည်ကန့်ကွက်သွားမယ်”ဟု KSPP ပါတီဥက္ကဌ ဒေါက်တာတူးဂျာက ဇူလိုင် ၂၈ရက်နေ့၌ ၎င်း၏ဖေ့ဘွတ်အကောင့် စာမျက်နှာတွင် ပို့စ်တစ်ခုတင်ထားပါသည်။
လက်ရှိအခြေအနေတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံရေးခေါင်းဆောင်များနှင့် တက်လာမည့်အစိုးရအတွက် အသင့်စောင့်နေသော စိန်ခေါ်မှုကြီး ဖြစ်နေသော်လည်း ရှောင်လွဲ၍ ရနိုင်ကောင်းသည့်ကိစ္စ မဟုတ်ပေ။
အဖြေရှိသော်လည်း သိရန်ခက်နေသည့် မြစ်ဆုံအရေး အပြီးသတ်ဦးဆောင်ဆုံးဖြတ်ပေးမည့် သူရဲကောင်းလည်း မတွေ့ရသေးပေ။ မြစ်ဆုံအရေးသည် ကန့်ကွက်နေရုံနှင့်မပြီး၊ မဲဆွယ်နေရုံနှင့်လည်းမရ ပြည်သူလူထုအသံနားထောင်ကာ စုပေါင်းဖြေရှင်းရမည့် ကိစ္စဖြစ်နေပါတော့သည်။