အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ လှုပ်ရှားမှု လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့
–
ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့နဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်မယ့် အရှေ့တောင်အာရှ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ ဖဲကြိုးဖြူကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်တာ ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးကို ပညာပေးလှုံ့ဆော်တာမျိုး ပြုလုပ်လေ့ရှိကြပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ လိုင်ဇာမြို့တွင်း လက်ကမ်းစာစောင် ဖြန့်ဝေမှုမှာ ပါဝင်ခဲ့သူအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။
“ဒီနေ့ရဲ့ လှုပ်ရှားမှုကတော့ ကျမတို့အမျိုးသမီးတွေအပေါ် ဖိနှိပ်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ အနိုင်ကျင့်ခံရတာတွေ အမျိုးမျိုးပေါ့နော်၊ အဲ့လိုအခြေအနေကနေ တားဆီးကာကွယ်နိုင်ဖို့ အသိပညာပေးတဲ့အနေနဲ့ ဒီလို လှုပ်ရှားမှုပြုလုပ်ခြင်း ဖြစ်ပါတယ်။”လို့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
၁၉၆၀ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ Dominican Republic ရဲ့ သမ္မတ Rafael Leonidas Trujillo Molina က သူ့ကို ဆန့်ကျင်တဲ့ညီအမတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အတွက် ဒီညီအမတွေ သတ်ဖြတ်ခံရတဲ့နေ့ကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ (International Day for the Elimination of Violence against Women)” အဖြစ် ၁၉၉၉ ခုနှစ်၊ ကုလသမဂ္ဂရဲ့ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံမှာ ဆုံးဖြတ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။