အင်းတော်မြို့မ ဘုန်းကြီးကျောင်းက ပိတ်မိပြည်သူတွေ ထွက်ချင်ရင်စစ်ကောင်စီတပ်ကို စာရင်းပေးရပြီး၊ Non CDM တွေ စာရင်းပေးရင် ပယ်ချခံရ
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ပြည်သူတစ်ထောင်နီးပါးထဲက Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ထွက်ခွင့်မပေးပဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
ပိတ်မိနေတဲ့ ပြည်သူတွေဟာ ဘုန်းကြီးကျောင်းထဲက ထွက်ချင်ရင် စစ်တပ်ကို စာရင်းပေးရပြီး စစ်ကောင်စီတပ်ဘက်က သာမန်ပြည်သူတွေကို ထွက်ခွင့်ပြုပေမဲ့ Non CDM ဝန်ထမ်းတွေကို ထွက်ခွင့်မပြုဘူးလို့ လွတ်မြောက်လာတဲ့ အသက် (၅၀) နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခုက ပြည်သူတွေက ထွက်ချင်ရင် ပျူစောထီးခေါင်းဆောင် အောင်မြင့်နိုင်ကို စာရင်းပေးရတယ်။ သူကနေပြီး တပ်မ (၇၇) တပ်မမှူးကို စာရင်းပြန်တင်ပေးတာ။ တပ်မမှူးကနေ လူရွေးပြီး လွတ်ပေးတာ။ ကျွန်မတို့က ပထမတစ်ခေါက်က ပယ်ချခံရတယ်။ ဒုတိယတစ်ခေါက်မှ လွတ်လာတာ။ အဲ့ထဲမှာတော့ စာရင်းထဲမှာ Non CDM တွေပါရင် တစ်ခါတည်း ပယ်ချတာ။ သူတို့ကိုတော့ တစ်ခါမှ လွတ်ပေးတာ မရှိသေးဘူး။ သူတို့လည်း ထွက်ချင်နေကြပြီ။”လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ပိတ်မိနေတဲ့ထဲမှာ Non CDM တွေအပြင် ဦးပဉ္ဇင်းတွေနဲ့ ကိုရင်တွေလည်း ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့ Non CDM ဝန်ထမ်းတွေကို မထွက်ခွာရန်အတွက် ဝါဒဖြန့်တယ်လို့လည်း ပြောပါတယ်။
“စစ်သားတွေက မင်းတို့ အပြင်ရောက်ရင် PDF တွေက မင်းတို့ကို သတ်ပစ်မှာတွေရော၊ Non CDM တွေဆိုရင်လည်း PDF တွေက မုဒိန်းကျင့်သတ်တာတွေရော အကုန်လျှောက်ပြောပြီး၊ ဝါဒဖြန့်နေတာ”လို့ လွတ်မြောက်လာသူက ပြောပါတယ်။
အဆိုပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ဝင် တစ်ယောက်ကို ဆက်သွယ်မေးမြန်းရာ ပြည်သူတွေ လွတ်မြောက်လာရင် သွားချင်ရာကို ပို့ဆောင်ပေးပြီး၊ Non CDM တွေဆိုရင်လည်း လိုအပ်တဲ့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွတ်ပေးတယ်လို့ ပြောပါတယ်။
“စစ်တပ်ကပြောသလို သတ်ပစ်တာတွေ၊ မုဒိန်းကျင့်တာတွေက မဟုတ်ပါဘူး။ ပြည်သူတွေ ပြန်ထွက်လာရင် ကျွန်တော်တို့ဘက်က သူတို့သွားချင်တဲ့နေရာထိ ပို့ဆောင်ပေးတယ်။ Non CDM တွေဆိုရင်လည်း နည်းနည်းပါးပါး စစ်မေးပြီးရင် ပြန်လွတ်ပေးတယ်။ ဒီလောက်ပါပဲ။”လို့ (ပအဖ) အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
စစ်တပ်ကုန်းထဲ ပိတ်မိနေတဲ့ ပြည်သူတွေဟာ အစားအစာမလုံလောက်တာ၊ ဆေးဝါးကုသမှုမရတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသမီးက ဆက်ပြောပါတယ်။
“ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်ပဲ စားနေရတယ်။ အရွက်တွေဆို ငုတ်တိုပဲ ကျန်တော့တယ်။ ထပ်ကိုမထွက်လာနိုင်တော့ဘူး။ ဆေးဝါးဆိုလည်း ကုသမှုလုံးဝ မရဘူး။ အဲ့မှာဆို အသက်ရွယ်ကြီးတဲ့ အဖွားအိုတွေဆိုလည်း ဆေးကုသခွင့်မရလို့ သေသွားတာတွေရှိတယ်။”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေကစတင်ပြီး အင်းတော်မြို့သိမ်း တိုက်ပွဲဖြစ်ပွားလာရာ စစ်တပ်ဘက်က ပြည်သူတစ်ထောင်လောက်ကို မြို့မဘုန်းကြီးကျောင်းထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့အထဲက အယောက် (၈၀၀) လောက် လွတ်မြောက်လာပြီဖြစ်ပေမဲ့ ပြည်သူတစ်ချို့နဲ့ Non CDM အယောက် (၁၄၀) လောက် ကျန်ရှိနေသေးတယ်လို့ လွတ်မြောက်လာသူတွေဆီကနေ သိရပါတယ်။