KIA သိမ်းပိုက်ထားတဲ့ ကံပိုင်တည်လမ်းကြောက ဆဒုံးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
–
KIA သိမ်းပိုက်ထားသည့် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို ဒီနေ့ မနက် ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီက လေယာဉ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ယောက်က ပြောပါတယ်။
“ဒီမနက် ၃ နာရီ ၂၀ မိနစ်လောက်မှာ လေယာဉ်သံကြားတယ်။ ပေါက်ကွဲသံ နှစ်ခါကြားတယ်။ တစ်ခုက ဘုရားကျောင်းနားက ဟိုတယ်ဟောင်းနဲ့ တစ်ခုက မြို့နယ်ရုံးမှာ ကျတယ်။ လူ တစ်ယောက်ထိခိုက်တာရှိပေမဲ့ အရမ်းစိုးရိမ်းစရာ မရှိဘူး။”လို့ ဒေသခံက ပြောပါတယ်။
ဆဒုံးမြို့ဟာ ဝိုင်းမော်နဲ့ ကံပိုင်တည်မြို့ လမ်းကြောပေါမှာတည်ရှိပြီး၊ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က KIA နဲ့ ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသခံပြည်သူတွေ ပြန်လည်နေထိုင်ပြီး၊ KIO ရဲ့ အုပ်ချုပ်ရေး လည်ပတ်နေပြီဖြစ်ကြောင်း သိရပါတယ်။
“ဆဒုံးမြို့မှာ စစ်ကောင်စီနဲ့ ဆိုင်တာတစ်ယောက်မှ မရှိတော့ဘူး။ ဆဒုံးဒေသခံပြည်သူတွေနဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းတစ်ချို့ပဲနေတာ။”လို့ KIO အမှုထမ်းတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီက ကံပိုင်တည်မြို့ လက်လွှတ်ခဲ့ရတဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ညမှာလည်း အင်ဂျန်းယန်မြို့နယ် KIA တပ်မဟာ (၁) ဘက်ကို လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး၊ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းကို လေယာဉ်ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ကလေး (၇) ယောက် အပါအဝင် ပြည်သူ (၉) ဦး သေဆုံးခဲ့ပြီး (၁၁) ဦး ပြင်းထန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။