ဆွမ်ပရာဘွမ်မြို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်၊ စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ် ၁၀၀ ခန့် ဗုံးကြဲခဲ့
16 March 2024 – Kachinwaves
ဆွမ်ပရာဘွမ်မြို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်က မြို့အပါအဝင် KIA တပ်မဟာ (၁) နယ်မြေများတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသနှင့် နီးစပ်သူများက ပြောသည်။
မတ် ၈ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့အနီးရှိ ခလရ ၄၆ တပ်ရင်း စခန်းများကို တိုက်ခိုက်နိုင်ခဲ့၍ မြို့ပေါ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၁၆) ယောက်လည်း လက်နက်နှင့်အတူ KIA ထံလက်နက်ချ ဝင်လာခဲ့ကြောင်း KIO ပြန်ကြားရေးဌာနက သတင်းဖော်ပြခဲ့သည်။
မြို့အထိုင်ချတပ်စခန်းကို ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပူတာအို အခြေစိုက် ခလရ ၄၆ တပ်ရင်းတွင် တိုင်းရင်းသားလူမျိုးတပ်ဖွဲ့ဝင်များလည်း ယခင်ကတည်းက ပါဝင်နေသည့် တပ်ရင်းဖြစ်သည်။
ဆွမ်ပရာဘွမ်မြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြိမ်တစ်ရာခန့်ရှိသည်ဟု သိရသည်။ အဆိုပါတိုက်ပွဲတွင် ဦးဒန်ကူးဒန် ခေါင်းဆောင်သည့် ဌာနေပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့သည် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့ကြားရှိ မြို့နယ်ရုံးစိုက်သည့် မြို့ဖြစ်သည်။