ဗန်းမောက်မြို့တောင်ပိုင်းက တစ်နှစ်ကျော်လာသည့် စစ်ရှောင်များ အကူအညီမရရှိ၍ ဒုက္ခရောက်နေ
14 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းမှာ ၁ နှစ်ကျော်ကြာ စစ်ရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ လူသားချင်းစာနာထောက်ထားမှုမရပဲ ဒုက္ခရောက်နေကြကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
စစ်ရှောင်များမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့ စိုးမိုးထားသည့် ဗန်းမောက်မြို့နယ် အနောက်ပိုင်းနှင့် မြို့အနီးတစ်ဝိုက်မှ ပြည်သူများ၊ ပင်လည်ဘူး၊ ဝန်းသိုနှင့် အောက်အညာဒေသမှ ပြည်သူများပါ ပါဝင်ကြောင်းလည်း သိရသည်။
“သူတို့ဘက်မှာတွေ ရွာတွေမီးရှို့ခံရ၊ တိုက်ပွဲတွေဖြစ်နဲ့ဆိုတော့ အနယ်အနယ်အရပ်ရပ်ကနေ မိသားစုလိုက်ကြီးတွေ စစ်ရှောင်လာကြတာ စစ်ရှောင်ဦးရေကတော့ တော်တော်များတယ်။”ဟု စစ်ရှောင်ပြည်သူများနဲ့ နီးစပ်သူ အမျိုးသားက ဆိုသည်။
စစ်ဘေးရှောင်နေရသည်မှာ ၁ နှစ်နီးပါးရှိနေပြီး လူသားချင်းစာနာထောက်ထားမှုအတွက် နေထိုင်စားသောက်မှု အကူအညီများ၊ ဆေးဝါးကုသမှုနှင့် အဝတ်အထည်များပါ လိုအပ်ကြောင်းလည်း ပြောသည်။
“စစ်ရှောင်တွေကတော့ နယ်ပေါင်းစုံတွေများတယ်။ သူတို့ဘက်မှာတွေ နေလို့မရတော့လို့ ဒီဘက်မှာ ရွှေလေးတူးရင်း အဆင်ပြေမလားလို့ ရှောင်လာကြတာ၊ ဒီဘက်မှာလည်း ဘာလုပ်ပိုင် စားသောက်ခွင့်မှ မရှိတဲ့အပြင် ထောက်ပံ့မှုလည်း ဘာတစ်ခုမှမရတော့ အရမ်းကြီးကို ဒုက္ခရောက်နေကြတယ်။”ဟု ၎င်းအမျိုးသားက ဆိုသည်။
လက်ရှိတွင် ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိ ဆည်ဦရွာနှင့် သရက်ကိုင်းရွာတလျှောက် လမ်းဘေးများ၊ လိပ်ဆောရွာနှင့် မင်းကုန်းရွာရှိ ရွှေမှော်များတွင် တဲထိုးကာနေကြသည့် စစ်ရှောင်ဦးရေ ၁၀၀၀ နီးပါး ရှိနေကြောင်း သိရသည်။