စကစ ပစ်တဲ့ မစ်ဇိုင်းဒုံးတစ်လုံး မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှာ မပေါက်ကွဲဘဲ ကျရောက်ခဲ့
13 March 2024 – Kachinwaves
မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်က လူနေအိမ်အနီးမှာ မတ်လ ၁၀ ရက်နေ့က စစ်တပ်ကပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးတစ်လုံး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနား အခြေစိုက် ခလရ (၂၁) တပ်ရင်းက ပစ်ခတ်လိုက်တယ်လို့ အနီးအနားမှာထိုင်နေသူတွေက ယူဆကြပြီး ဒုံးလက်နက်က ပေါက်ကွဲမှု မဖြစ်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်မှုမရှိကြဘူးလို့ ဖြစ်စဉ်နေရာနဲ့နီးစပ်သူက ဆိုပါတယ်။
“တပ်ရင်း ၂၁ တပ်ကပစ်တာလေ။ အဲ့နေ့ ၁၀ ရက်နေ့က တဒိန်းဒိန်းပစ်တာလေ။ လေတပ်ကရော၊ ၂၁ ကရော၊ မပခ က ရော။ မပခ က ပစ်တာလည်း ၇ လုံး၊ ၈ လုံးလောက်ရှိတာကို။ မအောင်တဲ့ဟာ ပြုတ်ကျတဲ့ဟာ။ အဲ့တာမအောင်ဘူး။ မကွဲဘူး။”
အခုလိုလက်နက်ကြီး မတော်တဆ ကျရောက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ကြက်ပေါင်ခြံရပ်ကွက်က ပြည်သူတွေကတော့ မြစ်ကြီးနားမြို့အတွင်းဘက်မှာ သွားရောက်ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။
မတ်လ ၇ ရက်နေ့ကစလို့ မြစ်ကြီးနား – ဗန်းမော် လမ်းကြောတစ်လျှောက် KIA ပူးပေါင်းအဖွဲ့ စစ်မျက်နှာစာဖွင့် ပြီးနောက်ပိုင်း မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုက်ပွဲဖြစ်တဲ့နေရာကို မစ်ဇိုင်းဒုံးနဲ့ လေကြောင်းကို အလွန်အကျွံအသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မစ်ဇိုင်းဒုံးတွေကို မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာရှိတဲ့ ကြံ့ခိုင်ရေးရုံးဝင်း၊ အောင်ဇေရန်အောင် ဘုရားတစ်ထောင်ဘုရားဝင်း၊ မပခ ဝင်းနဲ့ ၂၁ တပ်ရင်းထဲမှာ တပ်ဆင်ထားပြီး
ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ ဝိုင်းမော်မြို့အထွက်က တိုက်ပွဲဖြစ်ပွားနေတဲ့ အောင်မြေ (၁) နဲ့ အောင်မြေ (၂) ကျေးရွာတွေဘက်ကို မစ်ဇိုင်းဒုံးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာလို့ သိရပါတယ်။