မဟာမိတ် KIA နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသလို သီးသန့်တာဝန်ယူသည့် ထိုးစစ်များကိုလည်း AA ဆင်နွှဲနေ
8 March 2024 – Kachinwaves
ရက္ခိုင့်တပ်တော် (AA) သည် မဟာမိတ် KIA နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရာ အဆိုပါထိုးစစ်များတွင် မဟာမိတ် KIA နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကိုလည်း AA အနေဖြင့် ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
“ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။”ဟု ယမန်နေ့ညက ရက္ခိုင့်တပ်တော်၏ သတင်းနှင့်ပြန်ကြားရေး က ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၇ ရက်နေ့စတင်သည့် စစ်ဆင်ရေးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခါယာဘွမ်၊ အင်တပ်ဘွမ်၊ ဖွန်းပျဲန်ဘွမ်၊ ဘွမ်ရဲဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်း၊ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) စသည့်တပ်စခန်းများအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်အတွင်းက အပြီးသတ်သိမ်းပိုက်ရယူရန် သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်းနှင့် လက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်လျက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် KIO ဌာနချုပ်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ယမန်နေ့က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ ကျရောက်ခဲ့ပြီး တရုတ် နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။
အရေးကြီးစခန်းကုန်းများကို လက်လွတ်နေရသည့် စစ်ကောင်စီတပ်သည် လိုင်ဇာမြို့နှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ဆိုသလို ကင်းထောက်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်။