ဆုံကုန်းရွာအား စကစ မီးထပ်ရှို့ပြီး ဓါးစာခံဖမ်းဆီးခံရသည့် ပြည်သူတစ်ဦး သတ်ဖြတ်ခံရ
3 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဆုံကုန်းရွာအား စစ်ကောင်စီတပ်က ယနေ့နံနက် ၇ နာရီအချိန်တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ထားခဲ့ကြောင်း နယ်မြေခံ ပကဖ ရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် အိမ်ခြေ ၆၀ ကျော်ရှိသည့် ဆုံကုန်းရွာအား စစ်ကောင်စီတပ်က နေအိမ်တစ်လုံး၊ ဆိုင်ကယ်သုံးစီးနှင့် အသက် ၃၀ နှစ်ကျော်အရွယ် ပြည်သူတစ်ဦးအား မီးရှို့ထားခဲ့သည်။
ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ဆုံကုန်းရွာအား ဒုတိယအကြိမ်မီးရှို့ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားကြောင်း ပြောသည်။
“တစ်ရွာလုံးနီးပါးပဲ အရှို့ခံရတယ်။ ၇ အိမ်၊ ၈ အိမ်လောက်ပဲ ကျန်တော့တယ်။ နမခ နဲ့ နီးနီးလေးဆိုတော့ မီးသတ်ရင်းနဲ့ကို လန့်ပြီးပြေးပြေးနေရတာ”ဟု ဆိုသည်။
မီးရှို့ခံနေရသည့် ဆုံကုန်းရွာသည် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့်ရွာ ဖြစ်သည်။
ထို့ပြင် ယမန်နေ့က ဆုံကုန်းရွာမှ ပြည်သူ ၃၀ ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ထဲမှ ၂ ဦးမှာ ဆက်လက်ဖမ်းဆီးခံခဲ့ရသည်။ ၎င်း ဆက်လက်ဖမ်းခံထားရသည့် ပြည်သူနှစ်ဦးအနက် တစ်ဦးမှာ ယနေ့နံနက်က ပြန်လွတ်လာသော်လည်း ၁ ဦးမှာ နှိပ်စက်စစ်ဆေးစဉ် အသတ်ခံရကြောင်း နယ်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်က ပြောသည်။
“သူတို့ရိုက်စစ်ရင်းနဲ့ သေသွားတာ အလောင်းတော့ ပြန်ရပါတယ်။ မီးသင်္ဂြိုလ်လိုက်ပြီ တစ်ဦးကတော့ ပြန်လွတ်လာပါတယ်။”ဟု ဆိုသည်။
ယခုလက်ရှိတွင် ဆုံကုန်းရွာအပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်နီးသော ကျေးရွာများမှာ မီးများရှိူ့ခံနေရပြီး ကျေးရွာ ၇ ရွာထက်မနည်းမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။