ခင်ဦးမြို့ပေါ်တွင် စကစ စစ်ပြေးတစ်ဦးကိုဖမ်းမိပြီး ၎င်းဖွက်ထားသည့် လက်နက်များကိုလည်း ရှာဖွေရရှိခဲ့
26 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် အရပ်ဝတ်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်သားတစ်ဦးအား မြို့ပေါ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေဘို စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၈) မှတဆင့် ခင်ဦးနယ်သို့ ဝင်ရောက်လာပြီး ခင်ဦးမြို့ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အင်အား ၅၀၀ ခန့်သည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ၎င်းဆေးရုံမှ ခင်ဦးမြို့မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားမှာ ၎င်းစစ်ကြောင်းနှင့်အတူမလိုက်ဘဲ အရပ်ဝတ်ဖြင့် တစ်ယောက်တည်း ထွက်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူမှာ ခမရ ၃၀၁ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ – ၅၅၉၉၄၃ တပ်သား အောင်ထိန်လင်း ဆိုသူဖြစ်ပြီး ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ညောင်ပင်သာရွာမှ ဖြစ်ကြောင်းသိရသည်။
၎င်းသုံ့ပန်းသည် မန္တလေးနန်းတွင်းတွင် တပ်ပြေးမှုဖြင့် ထောင်သုံးနှစ်ကျခံနေစဉ် ရွှေဘို (စခတ – ၈) သို့ ပြောင်းရွေ့လာခဲ့ရကြောင်းလည်း သိရသည်။
“သူ့ကိုစစ်ဆေးတဲ့အချိန် သူကတပ်ပြေးမှုနဲ့ ထောင်သုံးနှစ်ကျနေတယ်လို့ သိရတယ်။ ဘယ်ကိုသွားရမယ်မှန်းလည်း သူမသိဘူး။ အထက်လူကြီးက PDF တွေကို တစ်ရွာဝင်တစ်ရွာထွက် ချေမှုန်းရမယ်၊ လိုက်ခဲ့ဆိုပြီးတော့ ခေါ်ခဲ့တာတဲ့။ PDF ဆိုတာလည်း သူမသိဘူးဆိုပြီး ဖြေတယ်။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ခင်ဦးဆေးရုံဝင်းရှိ အဆောက်အအုံဟောင်းတစ်နေရာ၌ ၎င်းဖွက်ထားခဲ့သည့် စစ်ယူနီဖောင်းတစ်စုံ၊ ကျည်ကာ (၁) ထည်၊ ကျည်ဘောက် (၃) ခု၊ ကျည် (၇၅) ထောင့်တို့ကိုလည်း မြို့ပေါ် ပလဖ အဖွဲ့များက သွားရောက်ရှာဖွေ ရရှိခဲ့ကြောင်း သိရသည်။
ခင်ဦးဆေးရုံမှထွက်လာသော အင်အား ၅၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကား ၃၁ စီးဖြင့်ထွက်လာပြီး ကာဘိုးအဝင်တွင် ယနေ့နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းသိရပြီး အထိအခိုက်ကို မသိရှိရသေးပါ။
၎င်းစစ်ကြောင်းကို ကျွန်းလှမြို့မှ စစ်ကား ၃၁ စီးဖြင့်သွားကြိုပြီး ကောလင်းမြို့ဘက်သို့ ပို့ဆောင်မည့်အင်အားဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု တော်လှန်ရေးရဲဘော်ထံမှ သိရသည်။
ကောလင်းမြို့အား တော်လှန်ရေးအဖွဲ့များမှ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် စစ်ကြောင်းထိုးနေပြီး ပြန်လည်အရယူရန် ကြိုးပမ်းဆောင်ရွက်နေသည်။