ထူးခြားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်တဲ့နှစ်လို့ KIO ဥက္ကဌပြော
1 January 2024 – Kachinwaves
တော်လှန်ရေးအင်အားစုတွေရဲ့ တိုးတက်အောင်မြင်မှုဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ထူးခြားပြောင်မြောက်တဲ့ ရလဒ်တွေရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က နှစ်သစ်ကူးမိန့်ခွန်းကနေတဆင့် ပြည်သူတွေကို ပြောကြားလိုက်ပါတယ်။
တစ်နိုင်ငံလုံးနေရာဒေသအနှံ့မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တက်ညီလက်ညီ ခုခံတော်လှန်မှုကြောင့် စစ်ကောင်စီခံနိုင်ရည်စွမ်း မရှိတော့ဘဲ၊ စစ်ရှုံးနေပြီကိုတွေ့မြင်နေရတယ်လို့ KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာပါရှိပါတယ်။
“ဒီလိုအခင်းအကျင်းတွေကြောင့် ၂၀၂၄ ခုနှစ်မှာ ထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တယ်။”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။
ဒါကြောင့် အဆုံးသတ်အောင်ပွဲခံနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေအချင်းချင်း အပြန်အလှန်နားလည်မှုထားပြီး အဓိကဘုံရန်သူကို အားစိုက်တော်လှန်ကြရန် တိုက်တွန်းကြောင်းလည်း မိန့်ခွန်းမှာ ပါရှိပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ညက စစ်ကောင်စီကနေ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူတွေ အစုအပြုံလိုက် သေကျေခဲ့ရတာဟာ လူစိတ်ပျောက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ KIO ဥက္ကဌရဲ့ ယနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ စစ်ရှောင်ပြည်သူတွေကို သတ်ဖြတ်နေသလို မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ပြည်သူတွေကိုလည်း ရန်သူလိုသတ်မှတ်ပြီး သတ်ဖြတ်နေကြောင်း ပါရှိပါတယ်။
လွတ်မြောက်ရေး တိုက်ပွဲမှာ မည်သည့်ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့လာရပါစေ လက်မြောက်အရှုံးပေးရမှာ မဟုတ်ဘဲ၊ ခိုင်မာစွာ စည်းလုံးညီညွတ်ဖို့လိုအပ်ကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ပါရှိပါတယ်။