KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ရွှေကူ ငါးဘတ်ကြီးစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
18 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်မှုများရှိကြောင်း သိရသည်။
ဗန်းမော် – ရွှေကူကားလမ်းပေါ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (၆၀၂) အထိုင်တပ်စခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် KPDF တပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။
“တိုက်ပွဲဆိုတော့ ဟိုဘက်၊ ဒီဘက်ထိတာခိုက်တာတွေတော့ ရှိတာပေါ့။ မစိုးရိမ်ရတဲ့ အခြေအနေရှိလို့ တော်သေးတယ်။ အဲ့လူနာတွေအတွက် အလုပ်ရှုပ်နေတာနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေတောင် သွားမကြည့်လိုက်ရဘူး”
စစ်ကောင်စီတပ်စခန်းအား သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသည်ဟု အတည် ပြုပြောဆိုသည်။
စစ်ကောင်စီဘက်မှ သေဆုံးသူများရှိသည်ဟု သိရှိရသော်လည်း မည်မျှသေဆုံးသည်ကိုမူ အတည်မပြု နိုင်သေးပါ။
တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးမှာ ငါးဘတ်ကြီး ကျေးရွာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ရွှေကူမြို့အတွင်း စစ်ဆေးရေးတင်းကြပ်စွာလုပ်ဆောင်ခဲ့ပြီး လမ်းသွားလမ်းလာ အရပ်သားပြည်သူများကိုလည်း ရိုက်နှက်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။