အောင်လအင်ဆန်ရဲ့ သမိုင်းဝင် ဘောင်းဘီနဲ့ လက်အိတ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် လေလံတင်ရောင်းချနေ
1 February 2022 – Kachinwaves
MMA ချန်ပီယံ အောင်လအင်ဆန် ဝတ်ဆင်ခဲ့တဲ့ သမိုင်းဝင်ဘောင်းဘီနှစ်ထည်နဲ့ လက်အိတ်ကို လေလံတင်ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေတွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အရေးပေါ်လိုအပ်နေတဲ့ နေရာတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း ကချင်မဟာမိတ်အဖွဲ့ (Kachin Alliance-KA) မှ ထုတ်ပြန်ထားပါတယ်။
အခုဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့လူတွေ၊ ကိုဗစ်ရောဂါကာကွယ်ရေး၊ ကုသရေးတွေနဲ့ အခြေအနေအရပ်ရပ်ကြောင့် ပညာဆက်မသင်နိုင်တဲ့သူတွေကို ပညာရေးထောက်ပံ့စရိတ်များအဖြစ် ကူညီသွားဖို့ ဖြစ်ကြောင်း သိရပါတယ်။
ပစ္စည်းတစ်ခုအတွက် ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ဖြစ်ပြီး အနိမ့်ဆုံးလေလံဈေး တိုးမြင့်ရန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၅၀၀)ဖြစ်တယ်လို့ သိရပါတယ်။
လေလံတင်ရောင်းချပွဲကို ဇန်နဝါရီလ (၂၄)ရက်နေ့ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း စံတော်ချိန် ည ၁၀နာရီကနေ အွန်လိုင်းလေလံနဲ့ စတင်ခဲ့တာဖြစ်ပြီး အခုလာမယ့် ဖေဖော်ဝါရီ(၅)ရက်နေ့ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းစံတော်ချိန် ည ၁၁နာရီခန့်တွင် တိုက်ရိုက်လေလံတင် ရောင်းချခြင်းဖြင့် အဆုံးသတ်သွားမယ်လို့ သိရပါတယ်။
Photo: Aung La (Burmese Python) page