စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည့်အတွက် ပြည်သူ ၁၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရ
7 January 2020-Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် အင်းတော်မြို့နယ်တွင် ဇန်နဝါရီလ ၄ ရက်နေ့၌ ဂဲဟယ်ရွာသို့ စစ်ကောင်စီကအကြောင်းမဲ့ Mi 35 စစ်ရဟတ်ယာဉ်ဖြင့် လာပစ်သဖြင့် ပြည်သူ ၅ ဦးသေဆုံးသလို ယနေ့နံနက်ကလည်း စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ဂဲဟယ်ရွာနှင့်အနီးတဝိုက်ရှိကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။
ဂဲဟယ်ရွာ၊ ရွာဟောင်း၊ ကျော်ရွာ၊ နန်းနောင် ရွာများက ဒေသခံပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆိုသည်။
ယနေ့လည်း အင်းတော်မြို့နယ် နမ်းခါရွာက လင်မယားနှစ်ယောက်နှင့် အခြား အမျိုးသား ၂ယောက်၊ အင်းတော်က အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်းဆိုပါသည်။
စစ်ကောင်စီတပ်များက အင်းတော်မြို့နယ်မှာ နယ်မြေရှင်းလင်းရေး အမည်ဖြင့် စစ်ရေးလှုပ်ရှားနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သလို ပြည်သူများကိုလည်း ဖမ်းဆီးနေသည့်အတွက် ပြည်သူများ ကြောက်ရွံ့နေကြကြောင်း ဒေသခံများကဆိုသည်၊
လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့်လည်း လူ ၅ ဦးသေဆုံးသည့်အပြင် အခြား ၅ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လက်နက်ကြီးများ ပစ်ခတ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ PDF များလည်း မရှိဘဲ အေးအေးချမ်းချမ်းနေနေသည့်ကျေးရွာဖြစ်ကြောင်းလည်း ဒေသခံတွေကဆိုသည်။
ဇန်နဝါရီ ၃ ရက်နေ့ညနေပိုင်းတွင်လည်း မြစ်ကြီးနားမှ မန္တလေးဘက်သို့ ရှေ့ပြေးလုံခြုံရေးယူရန် ရှေ့ပြေးထွက်လာသည့် စစ်ကောင်စီအင်အား ၅၀ ကျော်ပါသည့် စစ်ကားတစ်စီးကို KIA နှင့် IPDF (ကသာခရိုင် IPDF တပ်ရင်း-၂) ပူးပေါင်းအဖွဲ့မှ အင်းတော်မြို့နယ်၊ စီပိန်းကျေးရွာနှင့်ဖားပန့် ကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကူပေးရန် စီပိန်းကျေးရွာမှ ထပ်ဆင်းလာသော စစ်ကားတစ်စီးကိုလည်း KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ လမ်းခုလတ်တစ်နေရာ၌ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု အင်းတော်မြို့နယ် PDF က ဇန်နဝါရီလ ၄ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။