တွေ့ဆုံပွဲသည်ကျေနပ်စရာမကောင်းဟု KNC ဥက္ကဌဆို
မေးခွန်းသုံးခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် မေးခဲ့ရာ ကျေနပ်သည့်ရလဒ်မရခဲ့ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ၏ဥက္ကဌ ဒေါက်တာMကောန်လက ဆိုသည်။
၎င်းတို့ပါတီအနေဖြင့် သက်ဆိုင်ရာရောက်ရှိဒေသတွင် ရက်ပေါင်း (၉၀)နေထိုင်လျှင် မဲပေးခွင့်ရှိသည့်ကိစ္စ၊ မဲရုံသတ်မှတ်သည့်ကိစ္စနှင့် ဧည့်နိုင်ငံသားကို မဲပေးခွင့်ပေးထားသည့်ကိစ္စတို့နှင့် ပတ်သက်၍ မေးခွန်းများမေးခဲ့သည်ဟု ဒေါက်တာMကောန်လက ဆိုသည်။
“နံပါတ်(၁) ကျွန်တော်တို့ ရက်ပေါင်း(၉၀)ကျော်နေထိုင်သူကို ဘယ်လိုသတ်မှတ်မလဲ။ ဘယ်သူကအတည်ပြုမလဲ။ အဲ့ဟာသိပ်အရေးကြီးတယ်။ နံပါတ်(၂)ကတော့ ကျွန်တော်တို့မဲရုံတွေကိစ္စ မဲရုံတွေက အခုပုံမှန် သူတို့သတ်မှတ်တာ (၃၀၀)နဲ့(၃၀၀၀)ပေါ့၊ သတ်မှတ်ထားတယ်။ အဲ့မှာ မဲရုံက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ တောင်ပေါ်ဒေသ ပြည်နယ်တွေရဲ့တောင်ပေါ်ဒေသတွေ ဝေးလံခေါင်ဖျားဒေသတွေအတွက်ကျတော့ လူ(၃၀၀)ပြည့်ဖို့ဆိုရင် ဧရိယာသိပ်ကျယ်တော့၊ မလာနိုင်တော့ဘူးလေ။ အဲ့ဒါကို သတ်မှတ်လူဦးရေ အနည်းဆုံးကို လျှော့ပြီးတော့မှ မဲရုံကိုများများဖွင့်ပေးဖို့ ဘတ်ဂျက်မရှိရင်တိုးတောင်းပေါ့”ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲဥပဒေများတွင် “သတ်မှတ်ထားသော မဲပေးချိန်အတွင်း မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးတို့ကို ရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရမည့်ဦးရေနှင့် မဲရုံအရေအတွက်ကို လိုအပ်သလို သတ်မှတ်ပေးနိုင်သည်”ဟု ပြဌာန်းထားသည်။
မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရမည့်ဦးရေသတ်မှတ်ချက်ကိစ္စပြေလည်ပြီး အနည်းဆုံး လူ(၃၀၀)နီးပါး တောင်ပေါ်ဒေသအတွက် (၁၅၀)ခန့်အထိပြင်ဆင်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုသည်ဟု ဒေါက်တာMကောန်လက ဆိုသည်။
ဧည့်နိုင်ငံသားကို မဲပေးခွင့်ပေးသည့်ကိစ္စ မည်သို့စီမံခန့်ခွဲမည့်အချက်ကို မေးသောမေးခွန်းအတွက် ကျေနပ်သည့် အဖြေမရခဲ့ကြောင်း ၎င်းက ဆိုပါသည်။
“မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့၌ အသက် ၁၈နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းကို ထည့်သွင်းပြုစုရမည်”ဟု ရွေးကောက်ပွဲဥပဒေများတွင် ပါရှိပါသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)သည် ယခင်ကလည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည့်ပါတီဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ဇွန်လ ၂၇ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။