စစ်ကောင်စီက သိမ်းပိုက်ခံရတဲ့ တပ်စခန်းအနီးရှိ ကျေးရွာတွေမှာ လေယာဉ်နဲ့ ဗုံးကြဲ
26 March 2024 – Kachinwaves
ဒီကနေ့ (မတ် ၂၆) မနက်အစောပိုင်းက KIA သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမောက်မြို့နယ်က ခမရ ၃၈၇ စစ်ကောင်စီတပ်ရင်း အနီးရှိ ကျေးရွာတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မနေ့ညပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအုပ်စု၊ စီဟတ်ကျေးရွာအရှေ့မှာရှိတဲ့ တာဝါတိုင်ကုန်းစခန်း၊ ခမရ ၃၂၀ နဲ့ ၃၈၇ တပ်စခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေပြီး စစ်ကောင်စီက အနီးအနားက ကျေးရွာတွေကို လေယာဉ်နဲ့ဗုံးကြဲရာမှာ စစ်ရှောင်တွေနေတဲ့ နေရာတွေမှာပါ ဗုံးသီးတွေကျခဲ့တယ်လို့ သိရပါတယ်။
“တိမ်းရှောင်းနေတဲ့ ပန်ချိုးဟိုင်ဘုန်းကြီးကျောင်းဘက်မှာ။ ၃ လုံးလို့လည်း ပြောတယ်။ ၂ လုံးလို့လည်း ပြောတယ်။ လူထိခိုက်တာတော့ မရှိဘူး။ ည ၈ နာရီလောက်ရှိပြီ ထင်တယ်။ အဲ့မှာအိပ်စက်နေကြပြီပေါ့။ အသံကြားလို့ ထကြည့်တော့ ကျောင်းတော့နည်းနည်းပါးပါး ထိခိုက်တာတော့ရှိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေယာဉ်ဗုံးစ ထိမှန်တဲ့အတွက်ကြောင့် ဘုန်းကြီးကျောင်းအမိုးနဲ့ ကား၊ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
စစ်ရှောင်တွေနေတဲ့ ပန်ချိုးဟိုင်ကျေးရွာမှာ သာမက တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့သစ်ကျေးရွာအုပ်စုထဲက စီဟတ်၊ မြို့သစ်၊ မင်းဂျမ်း၊ ကုန်းလော၊ နန့်တိန်းကျေးရွာ တောက်လျှောက်ကိုလည်း မနေ့ကနေ ဒီကနေ့မနက် ၁၀ နာရီထိ လေယာဉ်နဲ့ ဗုံးကြဲမှုရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအပြင် အဆိုပါကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိတဲ့အတွက် လူနေအိမ်ထိခိုက်မှုတွေရှိသလို အရပ်သားထိခိုက်မှု သေဆုံးမှုတွေလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေပါတယ်။
မတ်လ တတိယအပတ်ကစပြီး မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအုပ်စုဘက်က ဟင်းသာ၊ မင်းဂျမ်း၊ နောင်လိုက် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးတာ ဆယ်ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း သိရပါတယ်။