စစ်အစိုးရ ဆက်ပြီးတည်မြဲနေမယ်ဆိုရင် ပြည်သူတွေအတွက် မျှော်လင့်စရာ ပန်းတိုင် မရှိတော့ဘူး
အင်တာဗျူး
24 October 2023 – Kachinwaves
(KIO ဗဟိုကော်မတီ ဒုအထွေထွေ အတွင်းရေးမှူး ဆလန်ကဘာ လဘန်ဒွဲပီဆာနဲ့ LAIZA TV ၂၀၂၁ ခုနှစ်မှာ တွေ့ဆုံမေးမြန်း ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ကချင်ဘာသာကနေ ဘာသာပြန်ဆို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။)
Ⓠ မေး – ဦးစွာ ဆလန်ကဘာကိုမေးလိုတဲ့ မေးခွန်းက အာဏာရှင်စနစ်ဆိုတာ ဘယ်လိုမျိုးစနစ်ကို ဆိုတာလဲ။
Ⓐ ဆလန်ကဘာ ဒွဲပီဆာ။ အာဏာရှင်စနစ်ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ အတွင်းစိတ်ကနေ ဖြစ်ပေါ်လာတာ။ ကိုယ့်ကိုကိုယ် သိသူ၊ တတ်သူလို့ ခံယူပြီး ဘဝင်မြင့်သွားရင် တခြားသူတွေကို အထင်သေးအမြင်သေး ဖြစ်လာတယ်။ တခြားသူတွေကို နှိမ်တယ်၊ အပြောအဆိုမှာ ကိုယ့်စိတ်တိုင်းကျ တခြားသူတွေကို အပေါ်စီးကနေ အနိုင်ယူတဲ့သဘောတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အပြုအမူတွေကနေ ဖြစ်လာတာ။ အဲတာကြောင့် အာဏာရှင်စရိုက်ဆိုတာ မိဘတွေ ကိုယ့်မိသားစုအတွင်းမှာ အာဏာရှင်လို ပြုမူဆက်ဆံတာ။ ပြီးတော့ ကျေးရွာလူကြီးတွေကလည်း ကျေးရွာလူထုအပေါ် အာဏာရှင်စရိုက်ကို ကျင့်သုံးတာ။ အဲသလိုပဲ လူ့အဖွဲ့အစည်းအတွင်းမှာ ဆိုရင်လည်း ကျောင်းဆရာတွေ ကျောင်းသားတွေ၊ လူတွေအပေါ်မှာ အာဏာရှင်လို ပြုမူတာ။ ဌာနဆိုင်ရာတွေမှာလည်း ဌာနဆိုင်ရာအကြီးအကဲတွေ ဦးဆောင်သူတွေ အာဏာရှင်စိတ်ဓါတ်နဲ့ ပြောဆိုဆက်ဆံ ပြုမူတယ်။ နိုင်ငံ့ခေါင်းဆောင်တွေလည်း တရားတဲ့နည်းလမ်း မဟုတ်ဘဲနဲ့ ကိုယ်ကြိုက်သလို ကိုယ့်ဆန္ဒအတိုင်း ပြုလုပ်တာက အာဏာရှင်စနစ် ကျင့်သုံးတယ်လို့ ပြောဆိုခြင်း ဖြစ်တယ်။
Ⓠ မေး – မြန်မာစစ်တပ်ကို ဘယ်လိုအကြောင်းေတွကြောင့် အာဏာရှင်စစ်တပ်လို့ သတ်မှတ်ရတာလဲ။
Ⓐ ဆလန်ကဘာ ဒွဲပီဆာ – မြန်မာစစ်တပ်ကို အာဏာရှင်စစ်တပ်လို့ ပြောရတာက သူတို့ရဲ့ လုပ်ဆောင်မှုတွေက နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် အဓိက အခြေခံထားတာ မဟုတ်ဘဲ သူတို့အဖွဲ့အစည်း၊ သူတို့ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဖြစ်တာကြောင့် ပြည်သူကိုအလေး မထားဘူး။ ပြည်သူကို ဖိနှိပ်တယ်။ အဲသလို ပြည်သူကို အနိုင်ကျင့်လိုတဲ့ စိတ်နဲ့ ပြောဆိုဆက်ဆံလာတယ်။ လက်တွေ့ကျင့်သုံးလာတယ်။ အဲတာဟာ အာဏာရှင်စနစ်၊ အာဏာရှင်အစိုးရ ဖြစ်လာရခြင်း ဖြစ်တယ်။
Ⓠ မေး – တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်သူတွေအပေါ် အာဏာရှင်စစ်တပ်က ဘယ်လိုအာဏာရှင်စနစ်ကို ကျင့်သုံးနေတယ်လို့ ထောက်ပြလို့ရလဲ။
Ⓐ ဆလန်ကဘာ ဒွဲပီဆာ – သူတို့အစိုးရအဆက်ဆက်ရဲ့ ခံယူချက်က ဗမာလူမျိုးအရေးကို အဓိကထား ဦးစားပေးတဲ့စနစ်ကို ကျင့်သုံးတယ်။ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတဲ့အတွက် သူတို့ရဲ့ လုပ်ဆောင်မှုတွေက ကျွန်နော်တို့ မခံရပ်နိုင်တဲ့ လုပ်ရပ်၊ ကျွန်နော်တို့ လူမျိုးတွေရဲ့ အခွင့်အရေးတွေကို ခံစားခွင့်မရှိဘူး။ အဲတာကြောင့် ကျွန်နော်တို့ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး ပြန်လည်ရရှိဖို့ လက်နက်ကိုင် တော်လှန်လာတဲ့အခါ သူတို့က မတရားအသင်း၊ သောင်းကျန်းသူအဖွဲ့လို့ သတ်မှတ်ပြီးတော့ သူတို့က တိုက်ဖျက်ချေမှုန်းလာတယ်။ ညှင်းပမ်းနှိပ်စက်တယ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတယ်၊ ပြည်သူလူထုတွေကို ညှင်းပမ်းနှိပ်စက်တဲ့ နည်းလမ်းတွေနဲ့ သူတို့က ဟိုအရင်ကတည်းကနေ ဒီနေ့အထိ ကျူးလွန်နေဆဲ ဖြစ်တယ်။
Ⓠ မေး – မြန်မာစစ်တပ်က ဘယ်နှစ်ကြိမ် အာဏာသိမ်းခဲ့ပြီးပြီလဲ။ စစ်အာဏာ ခဏခဏ သိမ်းနေတာက ဘာကြောင့်လဲ။ ဘယ်လို အစိုးရလက်ထက်တွေမှာ စစ်တပ်က အာဏာသိမ်းခဲ့တာလဲ။
Ⓐ ဆလန်ကဘာ ဒွဲပီဆာ – မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရအောက်ကနေ လွတ်လပ်ရေးရတဲ့အချိန် နိုင်ငံရေးပါတီအနေနဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ပါတီရှိတယ်။ အဲတာက ဒီမိုကရေစီစနစ်အရ လွတ်လပ်ရေး ယူခဲ့တယ်။ ၁၉၅၈ ခုနှစ်ရောက်တော့ ဖဆပလ ပါတီနှစ်ခြမ်းကွဲသွားပြီး တည်မြဲ ဖဆပလနဲ့ သန့်ရှင်း ဖဆပလ ဆိုပြီး ပါတီနှစ်ခု ဖြစ်လာတယ်။ တည်မြဲ ဖဆပလ ပါတီကို ဦးဗဆွေ ခေါင်းဆောင်တယ်။ သန့်ရှင်း ဖဆပလကို ဦးနု ခေါင်းဆောင်တယ်။ ဒီနိုင်ငံရေး ပါတီနှစ်ခြမ်းကွဲသွားပြီး သူတို့အချင်းချင်း မပြေလည်မှု၊ မကျေလည်မှုတွေ ဖြစ်လာတဲ့အခါ စစ်တပ်ကို အာဏာ ယာယီလွှဲပေးတယ်လို့ သူတို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲတာလည်းပဲ အာဏာသိမ်းတာပဲ။ သူတို့က အိမ်စောင့်အစိုးရဆိုပြီး လုပ်တယ်၊ ပထမဆုံး အာဏာသိမ်းခဲ့တာပဲ။
၁၉၆၁ ခုနှစ်မှာ တောင်ကြီးညီလာခံ ဗမာလူမျိုးတွေ မပါဘဲ တောင်တန်းသားတွေရဲ့ ညီလာခံကျင်းပတယ်။ အဲဒီမှာ ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ထူထောင်ရေးတောင်းဆိုဖို့ ဆွေးနွေးတဲ့ ညီလာခံဖြစ်တယ်။ အဲဒီညီလာခံကို ဗမာတွေ အထူးသဖြင့် စစ်တပ်က စိုးရိမ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရင်တော့ ပြည်ထောင်စုပြိုကွဲမှာပဲဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၁၉၆၂ မတ်လ ၂ ရက်နေ့ မနက်မှာ ဦးနေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်က ဖဆပလ ခေါင်းဆောင်ဦးနုတို့အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းတဲ့ ဒုတိယအကြိမ် အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။
တတိယအကြိမ်က ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ သူတို့ ဖွဲ့စည်းခဲ့တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ရဲ့ အာဏာကို စစ်တပ်က ပြန်လည်သိမ်းယူတယ်။ အဲတာလည်း အာဏာသိမ်းတာပဲ။
စတုတ္ထအကြိမ်က ၁၉၉၀ ခုနှစ်မှာ နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) အစိုးရက ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီက မဲနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က မဲနိုင်တဲ့ပါတီကို အာဏာမလွှဲအပ်ပေးဘူး။ ပြည်သူ့မဲနဲ့အနိုင်ရတဲ့ ပါတီကို အာဏာမလွှဲပေးခဲ့တာကလည်း အာဏာသိမ်းတာပဲ ဖြစ်တယ်။
ပြီးတော့ ၂၀၀၄ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာကလည်း သူတို့အချင်းချင်း အာဏာသိမ်းတဲ့ သဘောပါပဲ။ ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေးအကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီးလိုက်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ သူ့ထောက်လှမ်းရေးအဖွဲ့ကို ဖမ်းဆီးလိုက်တာကလည်း အာဏာသိမ်းတဲ့ သဘောဖြစ်တယ်။
အခုနောက်ဆုံး ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်တို့ကို ဖမ်းဆီးပြီး အာဏာပြန်သိမ်းတယ်။ အဲသလို အကြိမ်ကြိမ်အခါအခါ အာဏာသိမ်းခဲ့တယ်။ အဓိပ္ပါယ်က သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ သူတို့စစ်တပ် အာဏာမြဲနေဖို့ သူတို့ အာဏာသိမ်းတယ်။ သူတို့ လက်ထဲမှာ အာဏာမရှိရင် ဒီမိုကရေစီအောင်မြင်လာမယ်။ ဒီမိုကရေစီစနစ်ဆိုရင် သူတို့ရဲ့ အကျိုးစီးပွားကာကွယ်ဖို့အရေး လုပ်ဆောင်ခွင့် ဆုံးရှုံးသွားမှာဖြစ်တဲ့အတွက် အာဏာကို သူတို့ဆုပ်ကိုင်ထားလိုတဲ့အတွက် အာဏာခဏခဏ သိမ်းနေရခြင်း ဖြစ်တယ်။
Ⓠ မေး – အာဏာရှင်စနစ်ကျင့်သုံးတဲ့ အာဏာရှင်စစ်တပ်နဲ့ ခဏခဏအာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာအစိုးရနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကို အသိပေးချင်တဲ့ ဖြည့်စွက်ပြောကြားစရာရှိရင် ဖြည့်စွက်ပြောကြားပေးပါ။
Ⓐ ဆလန်ကဘာ ဒွဲပီဆာ – ကျွန်နော်တို့ ပြောရမယ့် ကိစ္စတွေရှိတယ်။ ပြည်သူတွေ သိထားရမယ့်ဟာတွေ ရှိတယ်။ ကမ္ဘာ့နိုင်ငံတွေထဲက မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရကတည်းကနေ သူတို့ စစ်တပ်အနေနဲ့ အာဏာခဏခဏ သိမ်းနေရတဲ့ရည်ရွယ်ချက်က ပြည်သူလူထုရဲ့ အခွင့်အရေး ဒီမိုကရေစီစနစ်ကို သူတို့မလိုချင်ဘူး။ ပြည်သူတွေ ဒီမိုကရေစီအခွင့်အရေး ရရှိလာရင် ဒီမိုကရေစီနိုင်ငံဖြစ်လာရင် သူတို့စစ်တပ်လက်ထဲမှာ အာဏာမရှိတော့ဘူး။ စစ်တပ်မှာ အာဏာမရှိတော့ဘူးဆိုရင် သူတို့အဖွဲ့အစည်းတွေ၊ သူတို့ခေါင်းဆောင်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်။ ဒါကြောင့် သူတို့စစ်တပ်က အာဏာခဏခဏသိမ်းနေရခြင်း ဖြစ်တယ်။ ကျွန်နော်တို့ ပြည်သူလူထုအတွက်က စစ်အစိုးရ ဆက်ပြီးတည်မြဲနေမယ်ဆိုရင် မျှော်လင့်စရာ ပန်းတိုင်ဘာမှ မရှိတော့ဘူး။ ဒါကြောင့်မို့ ဒီနေ့ ပြည်သူလူထုတွေက ဒီလိုအာဏာသိမ်းမှု ဆက်မမြဲအောင်၊ အမြစ်ပြတ်အောင် ဆန့်ကျင့်တော်လှန်ပြီးတော့ ဒီမိုကရေစီအခွင့်အရေး ရရှိတဲ့နိုင်ငံတည်ဆောက်ဖို့ဆိုတာ ပြည်သူလူထုအာလုံး တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းလုပ်ဆောင် သွားရမယ့်အရာ ဖြစ်တယ်။