ဖောင်းပြင်မှာလည်း စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို လေယာဉ်ဗုံးကြဲ
–
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ကောင်းမောင်းကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ ဟုမ္မလင်းကနေတက်တဲ့ Mi-2 ရဟတ်ယာဉ်နဲ့ စစ်ဘေးရှောင် ပြည်သူတွေခိုလှုံနေတဲ့ ကောင်းမောင်းရွာ စာသင်ကျောင်းကို ဗုံးသီး (၁၂) လုံး ကြဲချခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေ နေတဲ့ဆီကိုမှ အကြောင်းမဲ့ လာကြဲတာပါ။ စခတွေ လှုပ်ရှားမှုလုပ်ချင်လို့ ဖြစ်မယ်။ ဒီဘက် စစ်ရေးငြိမ်နေတာကြာပြီလေ။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် မြင်သာရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် (၄၀) နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် (၁၀) နှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ကာ စာသင်ဆောင်တွေ ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီ စာသင်ကျောင်းမှာခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေကြောင့် မြင်သာ၊ ညောင်ကုန်း၊ ဟာပါ၊ လွင်ကြီးရွာတွေကနေ စစ်ရှောင်လာကြတာ တစ်နှစ်ကျော်ကြာပြီလို့လည်း သိရပါတယ်။