တိုက်ပွဲမရှိတဲ့ မော်လူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲခဲ့
–
စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် မော်လူးမြို့ တိုက်နယ်ဆေးရုံကို ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်လောက်မှာ မြစ်ကြီးနားကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့ပြီး မော်လူးမြို့ တိုက်နယ်ဆေးရုံ အဆောက်အုံ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက နှစ်လုံးလာကြဲတာ တစ်လုံးပဲကွဲတယ်။ တစ်လုံးက မကွဲသွားဘူး။ ဆေးရုံတည့်တည့်ကိုပဲ လာချတာ။ အင်းတော်တိုက်ပွဲမှာ ထိတဲ့ရဲဘော်တွေကို အဲ့ဆေးရုံမှာ ကုနေတယ်ဆိုပြီး သတင်းပေါက်လို့ ထင်တယ်။ လာကြဲတာ။”လို့ ပြောပါတယ်။
အဆိုပါဆေးရုံဟာ အာဏာသိမ်းပြီးနောက်ပိုင်းကနေ မဖွင့်ဖြစ်တော့တဲ့ ဆေးရုံဟောင်းတစ်ခုဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“အဲ့ဆေးရုံက အသုံးမပြုတာကြာပြီ။ ဘယ်လူနာမှလည်း မရှိဘူး။ ဆေးကုနေတာလည်း မရှိဘူး။”လို့ ပြောပါတယ်။
အင်းတော်မြို့နယ်၊ မော်လူးမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း မော်လူးမြို့နဲ့ မိုင် (၂၀) လောက် ကွာဝေးတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက နေ့စဉ်လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။