ကန့်ဘလူမှာ အရပ်သားပြည်သူ (၈၀) ကျော် ထပ်မံဖမ်းဆီးခံရတာကြောင့် ဖမ်းဆီးခံရသူ (၁၀၀) ကျော်လာ
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူ အယောက် (၁၀၀) ကျော်ထိရှိလာပြီလို့ ကန့်ဘလူ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ကာဘိုးရွာပျူစောထီး အထိုင်စခန်းမှာရှိနေတဲ့ စစ်ကောင်စီအင်အား တစ်ရာလောက်ဟာ ကား (၃) စီးနဲ့ ဘူးကြီးရွာသို့ ဝင်ရောက်ခဲ့ပြီး စစ်မရှောင်ပဲ ရွာမှာကျန်နေခဲ့တဲ့ ပြည်သူအယောက် (၅၀) လောက်ကို ကန့်ဘလူ (၆၀၀၆) တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကန့်ဘလူဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“ကာကွယ်ရေးတပ်တွေက အဲ့ရွာကိုရှောင်ခိုင်းတယ်။ တစ်ချို့တစ်ဝက်ကရှောင်ပြီး တစ်ချို့ကတော့ မရှောင်ကြဘူးဗျ။ အဲ့တာမို့ မရှောင်ပဲ ရွာထဲကျန်နေခဲ့တဲ့သူတွေ ဖမ်းခံလိုက်ရတာ။”လို့ ပြောပါတယ်။
အဲ့ဒီအပြင် ဒီကနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာလည်း ကာဘိုးရွာပျူစောထီး အထိုင်စခန်းသို့ ရောက်ရှိနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး (၅၀) လောက်က (၁၂) ဘီးကားတစ်စီးနဲ့ ကျီကုန်းကျေးရွာသို့ ဝင်ရောင်ခဲ့ပြီး၊ ၎င်းကျေးရွာထဲက ပြည်သူအယောာက် (၃၀) ကိုလည်း ထပ်မံဖမ်းဆီးပြီး ကာဘိုးရွာရဲမာန်စာသင် ကျောင်းထဲသို့ ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
“အခုညဖမ်းတာပါ၊ ထပ်ပြီးတော့ အတည်ပြုနေပါတယ်။ အခုလောလောဆယ်တော့ (၃၀) ထပ်ဖမ်းခံရတယ်လို့ ကြားတယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ၎င်းစစ်ကြောင်းဟာ ကားဘိုးတိုက်နယ်မှာရှိတဲ့ ကျီစုနဲ့ကျောက်တိုင်ရွာကို ဝင်ရောက်ခဲ့ပြီး၊ လူနေအိမ် (၇၀၀) လောက်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အိုင်ပေါင်းချောင်ရွာက ပြည်သူအယောက် (၃၇) ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ကန့်ဘလူမြို့နယ်ထဲက ကျီးစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ခဲ့ချိန်မှာလည်း ၎င်းစစ်ကြောင်းကပဲ ရေဦးမြို့နယ်ထဲက ပင်စိမ်းခင်နဲ့ မုံလှရွာကို ဒရုန်းနဲ့ ဗုံး (၄) လုံး ကြဲချခဲ့တာကြောင့် မုံလှရွာမှ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ဝက်တိုး(တ)ရွာကို ထပ်မံဝင်ရောက်ခဲ့ပြီး မီးရှို့ခဲ့လို့ နေအိမ် (၁၀၀) ကျော်လောက် မီးလောင်ခဲ့သလို ပြည်သူ (၅) ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။