စကစ လေယာဉ်အန္တရာယ်ကြောင့် ရေငတ်နေရသော ကွတ်ခိုင် စစ်ရှောင်များ
:
–
လေယာဉ်ဗုံးအန္တရာယ်ကို စိုးရိမ်၍ စခန်းနေရာ ပြောင်းရွှေ့နေရသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှ စစ်ရှောင်များ နေရာသစ်တွင် ရေအခက်အခဲ ပြဿနာနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
လုံခြုံရေးကြောင့် နေရာမဖော်ပြလိုသည့် လက်ရှိစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် သောက်ရေသုံးရေ ခက်ခဲနေကြောင်း ဒေသသတင်းရင်းမြစ်အရ သိရသည်။
စစ်ရှောင်များသည် စခန်းမှ (၁၅) မိနစ်ခန့်သွားရသည့် ချောင်းမှရေကိုသာ အသုံးပြုနေရသည့်အတွက် ရေခပ်သောက်သုံးနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။
အချို့ဆိုင်ကယ်ဖြင့်သွားပြီး ခပ်ကာသယ်ယူကြသော်လည်း ဆီဈေးကြီးနေသောကြောင့် အိမ်တိုင်းအတွက် အဆင်မပြေနိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
၎င်းစစ်ရှောင်စခန်းသည် လူဦးရေ (၉၀) ခန့် ခိုလှုံနေသော စစ်ရှောင်စခန်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့၍ အရပ်သားများ ထိခိုက်သေဆုံးခဲ့ရသလို ဈေးဆိုင်ခန်းများလည်း မီးလောင်ပျက်စီးခဲ့ရသည်။
ထို့အပြင် ယခု စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရသည်။