ဆွမ်ပရာဘွမ်မြို့နှင့် ပူတာအိုကြား ကားလမ်းမပေါ်ရှိ စကစ ၏ တပ်စခန်းတစ်ခု KIA နှင့် KPF တို့ ချဉ်းကပ်လာစဉ် စခန်းစွန့်ခွာသွား
9 May 2024 – Kachinwaves
ဆွမ်ပရာဘွမ်နှင့် ပူတာအိုမြို့ကြား ကားလမ်းမပေါ်၊ ဖုန်းကျန်းရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ မေလ ၉ ရက်နေ့၌ စခန်းစွန့်ခွာသွားကြောင်း သိရသည်။
၎င်းဖုန်ကျန်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရန် KIA နှင့် Kagabu People’s Force (KPF) ပူးပေါင်းတပ်တို့ ချဉ်းကပ်လာ၍ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း KIO ၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ စခန်းကို KIA နှင် KPF တို့က မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
ဖုန်ကျန်းရွာသည် ပူတာအိုမြို့နှင့် မိုင် ၄၀ ဝန်းကျင်ဝေးသော ဆွမ်ပီယန်ကျေးရွာနှင့်နီးသည်။ ပူတာအိုမြို့နယ်အတွင်း ကျရောက်သည့် ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းလည်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။
မေ ၅ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဆွမ်ပရာဘွမ်မြို့အနီးရှိ ခလရ ၄၆ တပ်ရင်း၏ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့၍ မြို့ကိုထိန်းချုပ်နိုင်ပြီးနောက် ယနေ့ ဖုန်ကျန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။