ပြည်သူ့လွှတ်မြောက်ရေ တပ်မတော် (PLA) အဖွဲ့၏ ၃ နှစ်ပြည့်အခမ်းနားများ ကျင်းပ
15 March 2024 – Kachinwaves
ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်အပြည့်အခမ်းအနားကို ၎င်းတပ်ဖွဲ့၏ အမှတ် (၉) စစ်ဒေသ ရှမ်းမြောက်တစ်နေရာ၊ အမှတ် (၂) စစ်ဒေသ၊ အမှတ် (၈) တနင်္သာရီစစ်ဒေသနှင့် အနောက်မြောက် စစ်ဒေသအသီးသီးတွင် ရဲဘော်များမှ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အနောက်မြောက်စစ်ဒေသ၏ ၃ နှစ်ပြည့်အခမ်းအနားတွင် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ABSDF၊ PDO/PDA၊ PRF၊ MUGBDF၊ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့၊ ပေါက်မြို့နယ် ပလဖ၊ ကျေးရွာ ပကဖ/ပအဖ များ၊ ပခုက္ကူခရိုင် ပကဖနှင့် ဒေသခံပြည်သူလူထုများမှ တက်ရောက်ချီးမြှင့်ခဲ့ကြသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အဖွဲ့၏ တရားဝင်စာမျက်နှာမှ ထုတ်ပြန်ထားသည်။
PLA တပ်ဖွဲ့၏ သုံးနှစ်ပြည့် အထိမ်းအမှတ်တွင်လည်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကြောင်များအစည်အရုံး(All Burma Federation Of Cat’s Association)၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ညီညွတ်ရေးတပ်ဦး (PUF)၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) တို့မှ အသီးသီး ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ပြည်သူ့လွတ်မြောက်ရေ တပ်မတော် (PLA) တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း တပ်ဖွဲ့တည်ထောင်စဉ် အဖက်ဖက်မှထောက်ပံ့ကူညီပေးကြတဲ့ မဟာမိတ်အဖွဲ့များနှင့်အတူရပ်တည်ပေးခဲ့ကြသည့် အဖွဲ့အစည်းများ၊အလှူရှင်များအား ကျေးဇူးတင်ကြောင်းပါရှိသည်။
ထို့ပြင် တည်ထောင်ခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ်မှသည် “ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေတစ်လှမ်းတိုင်းသည် အဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ”ဟူသော ဆောက်ပုဒ်အတိုင်း အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်ပြီး ပြည်သူလူထုကို နှစ်ကာလရှည်ကြာစွာ ကျွန်ပြုဖိနှိပ်နေသည့် စစ်အစိုးရ၊စစ်ဗျူရိုကရက်စီ၊ စစ်အုပ်စုဟူသော စစ်သုံးစစ်အမြစ်ပြတ်ချုပ်ငြိမ်းသည်ထိ မဆုတ်မနစ် ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုထံ အလေးနက် ကတိပြုပါသည်ဟုလည်း ပါရှိသည်။
ပြည်သူ့လွတ်မြောက်ရေ တပ်မတော် (PLA) အဖွဲ့များသည် လက်ရှိတွင် အမှတ် (၁) စစ်ကတိုင်းဒေသ၊ အမှတ် (၈) တနင်္သာရီဒေသနဲ့ အမှတ် (၉) ကိုးကန့်ဒေသများအတွက် အဓိကတိုက်ပွဲဝင်လျှက်ရှိပြီး အခြား တည်ဆောက်ဆဲ စစ်ဒေသများလည်း ရှိသည်ဟု PLA တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
“ကျနော်တို့မှာ စစ်ဒေသတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဖွဲ့စည်းတည်ထောင်ပြီး စစ်ဒေသကော်မတီတွေရဲ့ အစီအစဉ်တွေနဲ့ သင်တန်းတွေပို့ချနေပြီးတော့ တိုက်ပွဲဝင်လှုပ်ရှားလျက်ရှိပါတယ်။”
ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ သက်တမ်းအရင့်ဆုံးပါတီကြီးဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ၁၉၈၉ ခုနှစ် ဝန်းကျင်တွင် ကျဆုံးခဲ့ရသော လက်နက်ကိုင်တော်လှန်ရေးတပ်ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ လွတ်မြောက်နေရာတစ်ခုတွက် ရဲဘော် ၃၂ ယောက်နှင့် ပထမဆုံး စစ်သင်တန်းဖွင့်ခဲ့သည်ဟု အပတ်စဉ် (၁) တွင် ပါဝင်ခဲ့သူ PLA ရဲဘော်တစ်ဦးက ပြောသည်။
အင်အား ၃၂ ယောက်ဖြင့် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) ၏ တပ်များသည် လက်ရှိတွင် အင်အားထောင်ချီရှိလာပြီး မြောက်ဘက်စွန်း ကချင်ဒေသမှ တောင်ဘက် တနင်္တာရီဒေသအထိ ERO များ၊ LPDF နှင့်အတူ လက်တွဲပြီး တိုက်ပွဲ၀င်လျှက်ရှိေကြာင်း သိရသည်။