ကားမိုင်း စစ်တပ်ကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
15 March 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့မှာ မနေ့ (မတ် ၁၄ ရက်နေ့) မနက်ပိုင်းက စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
KIA ပူးပေါင်းအဖွဲ့က ကားမိုင်းမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တဲ့အတွက် ကားမိုင်းမြို့ပတ်ပတ်လည်နဲ့ မြို့အတွင်းကို ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ကားမိုင်းဒေသခံတစ်ဦးကတစ်ဆင့် သိရှိရပါတယ်။
“မနက် ၉ ခွဲ ၁၀ နာရီလောက်ကစပြီး သတင်းကပြန့်လာတာ။ ကားမိုင်းမြို့ကို KIA ပူးပေါင်းအဖွဲ့တွေက ဝိုင်းထားပြီဆိုပြီး သတင်းလွင့်လာတော့ ကားမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ စပစ်တာပဲ”
ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ရမ်းပစ်ရာမှာ ကောင်ရာရပ်ကွက်က အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရပြီး မြို့ပြင်မှာလယ်လုပ်နေတဲ့ အရပ်သားတစ်ဦးကတော့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် သေဆုံးသူနဲ့ ထိခိုက်သူတွေရဲ့အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။
KIA ပူးပေါင်းအဖွဲ့က ကားမိုင်းကိုပိတ်ဆို့ထားပြီဆိုတဲ့သတင်းကြောင့် စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဝင်တွေက မနေ့က မြို့အဝင်အထွက်ကို ပိတ်ဆို့လိုက်ပြီး ထွယ်ဆန်ယန်ရပ်ကွက်နဲ့ ကောင်ရာရပ်ကွက်တွေမှာ တပ်ထိုင်ထားတဲ့အတွက် ဒေသခံတွေလည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်ခဲ့ကြပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကနေစပြီး KIA ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီစခန်းကုန်းသိမ်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမတ်လအထိ ဖားကန့်ဒေသက အဓီကစခန်းကြီးတွေဖြစ်တဲ့ ကသိုဏ်းတောင်စခန်း၊ တာမခံစစ်တပ်ကုန်း၊ ဝှေခါစစ်ဗျူဟာကုန်း၊ နန့်တိန်းစခန်းတွေအပြင် ရဲစခန်းတွေကိုပါ သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။