လေယာဉ်အားကိုးနေသည့် စစ်ကောင်စီ ထီးချိုင့်တွင်လည်း ဒရုန်းဖြင့် စတင်တိုက်ခိုက်နေ
30 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်များမှာ ဒရုန်းများ အသုံးပြုနေပြီဖြစ်ကြောင်း ထီးချိုင့် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ရဲစခန်း၊ ကျောက်စေတီ၊ ဖက်တောင်၊ အထကကျောင်းများတွင် တပ်စွဲထားပြီး တိုက်ပွဲနှစ်ဖက်ဆိုင်းငံ့မှု ရှိနေသော်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နေစဉ်ဆိုသလို တိုက်ခတ်နေရာမှ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်လာခြင်း ဖြစ်သည်။
ထီးချိုင့်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နေသည်မှာ နှစ်လနီးပါးကြာလာပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ်များ ဒရုန်းများအသုံးပြုကာ တန်ပြန်တိုက်စစ်ဆင်နေကြောင်း Tigyaing Revolution-TR အဖွဲ့၏ တာဝန်ရှိသူတစ်ဦး ပြောသည်။
“ဒရုန်းတွေသုံးပြီး စပြီးတော့ကြဲနေပြီ ကြဲလာတာတောင် ၅ ခါလောက်ရှိပြီ လွန်ခဲ့တဲ့ ၃ ရက်လောက်ထဲကပဲ”ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် ဒရုန်းများကို ပြည်ပနိုင်ငံများမှ ရလောက်တင်သွင်းနေပြီး ဒရုန်းဗုံးသီးများကို စမ်းသပ်ထုတ်လုပ်နေသည်ဟု သတင်းရရှိပြီးနောက် ထီးချိုင့်မြို့ပေါ်တွင် ဒရုန်းများ စတင်အသုံးပြုလာကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်များသည် တရုတ်ထုတ် ၆ လက်ဒရုန်းများ အသုံးပြုနေပြီး AA တပ်ဖွဲ့ကနှစ်စင်း ပစ်ချထားနိုင်ကြောင်းလည်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကြက်သွန်ခင်းရပ်ကွက်မှ ဆီဆိုင်မီးလောင်ခဲ့ပြီး ကပ်လျက်နေအိမ်များလည်း မီးကူးစွဲလောင်ကျွမ်းခဲ့သည်။
မြို့သိမ်းတိုက်ပွဲစတင်သည့် နိုဝင်ဘာ ၈ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီမှ လေကြောင်းပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့ပေါ်အဆောက်အဦး သုံးပုံနှစ်ပုံခန့်မှာ ပျက်စီးသွားပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်အပါအဝင် ပြည်သူအများအပြားလည်း သေဆုံးခဲ့ရကြောင်း သိရသည်။