လေးရက်အတွင်း လေကြောင်းပစ်ခတ်မှု ၄၉ ကြိမ် ရှိခဲ့သည်ဟု MNDAA သတင်းထုတ်ပြန်
23 December 2023- Kachinwaves
စစ်ကောင်စီသည် ကိုးကန့်ဒေသကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်လေးရက်အတွင်း လေကြောင်းဖြင့် (၄၉) ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Kokang မှ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး MNDAA နှင့် စစ်တပ်တို့ ယာယီစစ်ရပ်နားထားသော်လည်း ဒီဇင်ဘာ ၁၈ ရင်နေ့က စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွါးကြောင်း သိရသည်။
ထိုလေးရက်တာအတွင်း ရွှေဆင်မြို့သစ်၊ တုန်ချိန်ဧရိယာ၊ လေးမျက်နှာဘုရားကုန်း၊ တောင်ညီနောင် ဧရိယာနှင့် အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် အနီးတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့ကြောင်းကို BBC သတင်းဌာနတွင်ဖော်ပြထားသည်။
The Kokang Media ၏ ဖော်ပြချက်အရ စစ်ကောင်စီသည် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် အရပ်သားနေအိမ်နှင့် လူနေရရပ်ကွက်များကိုပါ ပစ်မှတ်ထားကြောင်း သိရသည်။ လက်ရှိအခြေအနေအရ ပျက်စီးသွားသည့် နေအိမ်နှင့် သေဆုံးအရပ်သားများကို စာရင်းပြုစုနိုင်ရန် ခက်ခဲနေကြောင်း ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များသည် ကိုးကန့်ဒေသပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းကုန်းများ၊ အချက်အခြာကျသည့် ဗျူဟာကုန်းများ၊ အခြေစိုက်စခန်းကြီးများနှင့် ရဲစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းရွှေဟော်၊ ကြူကုတ်၊ မုန်းကိုး၊ ဖောင်းဆိုင် နမ်းခမ်း စသည့်မြို့များကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး MNDAA သည် လောက်ကိုင်ကိုရရှိနိုင်ရန် စစ်ကောင်စီနှင့်ပြည်သူ့စစ်များအား တိုက်ခိုက်နေသည်။