လေကြောင်းဖြင့် အကြိမ်တစ်ရာကျော်တိုက်ခိုက်ခံရသည့် ထီးချိုင့်မြို့ သုံးပုံနှစ်ပုံ ပျက်စီး
20 December 2023- Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် မြို့သိမ်းတိုက်ပွဲစတင်သည့်နေ့မှစပြီး ယနေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော်ပြုလုပ်ခဲ့ကြောင်း ထီးချိုင့်တော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၈ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ပြီးနောက် ယနေ့တိုင်အောင် တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် လေတပ်များမှာ မြစ်ကြီးနား၊ တံတားဦး၊ မုံရွာစသည့် စစ်ကောင်စီလေတပ်များဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးသည့် ထီးချိုင့်မြို့ကို သာမက အရပ်သားစစ်ရှောင်များခိုလှုံနေသည့် မြို့ရွာများကိုပါ လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ရက်ပေါင်း ၄၁ ကြာတိုင်အောင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ စစ်ဆိုင်ထားဆဲဖြစ်ပြီး ထိုအတောအတွင်း စစ်တပ်ကထောက်ပို့ရဟတ်ယာဉ်များဖြင့် လူအင်အား၊ စစ်အင်အားဖြည့်တင်းခြင်းများကိုလည်း ၆ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ထီးချိုင့်မြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရုံသာမက အရပ်သားနေအိမ်များကိုပါ သုံးကြိမ်ထက်မနည်း မီးရှိူ့ဖျက်ဆီးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှု၊ မီးရှိူ့ဖျက်ဆီးမှုများကြောင့် ထီးချိုင့်မြို့၏ သုံးပုံနှစ်ပုံမှာ ပျက်စီးပြီဖြစ်ပြီး တော်လှန်ရေးကာလ စတင်ချိန်ကစချိုင့်ပြီး ယနေ့အထိ စစ်ကောင်စီကြောင့် ထီးချိုင့်မှ အရပ်သားသေဆုံးမှူအရေအတွက်သည် တစ်ရာကျော်ရှိလာပြီဖြစ်ကြောင်းလည်း သိရှိရသည်။