နမ့်ဆန်မြို့ရှိ စကစ တပ်စခန်းများ အားလုံးကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်
17 December 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို ၆ ရက်အတွင်း TNLA က တိုက်ခိုက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ၁၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများအပြင် စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းသည် တပ်မ (၁၀၁) လက်အောက်ခံတပ်ဖြစ်သည့် ခလရ (၂၅၈)မှ ထိုးစစ်ဆင်စခန်းချနေသည့် တပ်စခန်းဖြစ်ပြီး၊ စစ်ကောင်စီ၏ အမှတ် (၆၂၆/၉၂၉) ထောက်ပို့တပ် အခြေချသည့်မြို့လည်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း မန်တုံ ခလရ (၁၃၀)မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“Mi 35 (၁)ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဥ် (၅)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်။”
မန့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့ရပြီး ပတ္တမြားစေတီရှိဘုရားများ နမ့်ဆန်မြို့မဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင်များအပါအဝင် လူနေအိမ် (၅၄) ကျော် လေယာဥ်ဗုံးစနှင့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ထိခိုက်ပျက်စီးခြင်း၊ မီးလောင်ပျက်စီးခြင်းများ ရှိခဲ့ကြေင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟာဝစ်ဇာ အမြောက် (၄) စင်းအပါအဝင် လက်နက်ခဲယမ်းမျိုးစုံ အမြောက်အများ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပမ်းအဖြစ် စကစ တပ်ဖွဲ့ဝင် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆) ဦး၊ ရဲမိသားစုဝင် (၂၅) ဦး တို့ကိုဖမ်းဆီးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။