ပြည်သူထူထု သံယောဇဉ် ဖြတ်ထားတဲ့ စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် တွယ်တာနေပါ့မလား
Opinion – 19 August 2023 – Kachinwaves
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ရေစီးကြောင်းနဲ့ အခင်းအကျင်းတွေကို ဆန်းစစ်ပြီး သူမ စွဲကိုင်ထား တဲ့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီ စံတန်းဖိုးတွေအပေါ် အခြေခံတဲ့ လက်တွေ့ကျကျ သုံးသပ်ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်တတ်သလို သူမရဲ့ နိုင်ငံရေးအမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပြောဆိုချက်တွေတိုင်းမှာ ပြည်သူလူထုကို အဓိကထားပြီး ပြောဆိုလေ့ရှိပါတယ်။ အရင်အစိုးရ လက်ထက်မှာ တပ်မတော်ဘက် လိုက်လျောခဲ့သူအဖြစ် ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ လက်ရှိကာလမှာ ပြည်သူလူထုကိုယ်တိုင် စစ်တပ်ကို အမွေ ပြတ် စွန့်လွှတ်ထားတဲ့ သားတစ်ယောက်လို ဆက်ဆံနေပြီဖြစ်လို့ ဖေဖေတည်ထောင်ထားတဲ့ တပ်မတော် ဆိုပြီး အထူးတလေ သံယောဇဉ် တွယ်နေတော့မယ် မထင်ပါ။ အရင်အစိုးရ သက်တမ်းက သူမရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံရေးအရ သူမ ရွေးချယ်လိုက်တဲ့ ကစားကွင်းထဲ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကစားပြခဲ့တယ်လို့သာ ရှုပ်မြင်သုံးသပ်ပါတယ်။
၈၈ အရေးအခင်းကနေ နိုင်ငံရေးခေါင်းဆောင်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်တဲ့ လမ်းစဉ်ကိုရွေးချယ်ပြီး အမျိုးသားရင်ကြားစေ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ စစ်အာဏာရှင် တော်လှန် ရေးကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ အဲဒီအချိန်ကာလက လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ် ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို ပြစ်တင်ဝေဖန်တာမျိုး မရှိခဲ့တာကို တွေ့ရပါတယ်။ ၈၈ ကာလက အများ ပြည်သူလူထုရဲ့ နိုင်ငံရေး ကြွေးကြော်သံတွေဟာ ဒီမိုကရေစီ တောင်းဆိုမှုသာ လွမ်းမိုးခဲ့ပြီး ဖက်ဒရယ် ကြွေးကြော် သံက ပြည်သူလူထုကြားထဲ လက်ရှိအခြေအနေလောက် စိမ့်ဝင်ပြန့်နှံ့မှု မရှိခဲ့ပါ။
အမှန်တကယ်မှာလည်း အများပြည်သူက တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်ပြီး တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးကို ဒီကနေ့ခေတ်လို သိရှိခွင့်မရခဲ့တာ အမှန်ပင် ဖြစ်ပါတယ်။
အဲဒီအချက်ကို ထင်ဟပ်စေတဲ့အချက်ကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ် တဲ့ မချောစုစံက စစ်အာဏာသိမ်းမှုရဲ့ အဆိုးထဲက အကောင်းဖြစ်တယ်လို့ Kachinwaves ကနေ တင်ဆက် နေတဲ့ လူငယ်ကဏ္ဍမှာ သုံးသပ်ပြောဆိုခဲ့ပါတယ်။
“အဆိုးထဲက အကောင်းလို့ မြင်တယ်ပေါ့နော်။ ဒီလိုအာဏာသာ မသိမ်းလို့ရှိရင် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ခံနေရတာတွေကို ညီမတို့ သိမှာမဟုတ်ဘူး၊ တကယ်သိမှာ မဟုတ်ဘူး။ သိရင်လည်း လူနည်းစုလောက်ကပဲ သိတယ်ပေါ့နော်”လို့ ပြောပါတယ်။
အလားတူ တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်တွေကလည်း ၂၀၂၁ နွေဦးတော်လှန်ရေးကြောင့် တောင်တန်းနဲ့ မြေပြန့်က တိုင်းရင်းသား ပြည်သူတွေ ဘုံရန်သူကို အတူတကွ သိရှိလာကြတယ်လို့ ပြောဆို ကြတာကို တွေ့ရပါတယ်။
၈၈ ကာလမှာ အများပြည်သူလူထုတွေရဲ့ နိုင်ငံရေးရေရှိန်က စစ်တပ်ရဲ့ အာဏာရှင်စရိုက်ကို မလိုချင်ကြ ပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ရေရှိန်လိုမျိုး စစ်တပ်အပေါ် သံယောဇဉ်ဖြတ်နိုင်သေးတာ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တပ်မတော်ကို လုံခြုံစွာ နိုင်ငံရေး စင်မြင့်ပေါ်ကနေ ဆုတ်ခွာ သွားမယ်လို့ ယုံကြည်ခဲ့တာလည်း ဖြစ်နိုင်သလို၊ သူမကိုယ်တိုင် တပ်မတော်ကို နိုင်ငံရေး စင်မြင့်ကနေ သိက္ခာရှိရှိ ဆုတ်ခွာသွားစေချင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သူမ လက်မခံခဲ့ပေမယ့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး ၂၀၀၈ ကပေးထားတဲ့ နိုင်ငံရေး ကစားကွင်းထဲမှာ အတတ်နိုင်ဆုံး အကောင်း ဆုံးဖြစ်အောင် ကစားပြခဲ့တဲ့ သဘောဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေဟာ မြန်မာစစ်တပ်က သိက္ခာ ရှိရှိ နိုင်ငံရေး စင်မြင့်ကနေ ဆုတ်ခွာနိုင်ရေး ဗျူဟာအဖြစ် ရေးဆွဲခဲ့တယ်လို့ ရှုမြင်သူတွေ ရှိခဲ့ပါတယ်။ အဲသလို ရှုမြင်ခဲ့တာကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကိုယ်တိုင် ဖက်ဒရယ် သင်တန်းတစ်ခုမှာ ပြောခဲ့တာကို စာရေးသူ ကြားခဲ့ရပါတယ်။
ဒါပေမဲ့လည်း စစ်တပ်ရဲ့ လိုအင်ဆန္ဒက ၂၀၀၈ ဖွဲ့စည်းပုံဟာ ၎င်းတို့အတွက် ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေး စင်မြင့် ကနေ ဆုတ်ခွာနိုင်ရေး မဟုတ်ဘဲ၊ ရာသက်ပန် နိုင်ငံရေး စင်မြင့်ပေါ်မှာ ခြယ်လှယ်နိုင်ရေးအတွက် ရေးဆွဲ ထားခြင်းဖြစ်တာကို လက်ရှိ စစ်ကောင်စီက အထင်အရှား သက်သေပြနေပြီ ဖြစ်ပါတယ်။
အထက်ပါ အကြောင်းအချက်တွေနဲ့ သုံးသပ်ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက သတင်းထွက်ပေါ်လာသလိုမျိုး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လုပ်ဆောင်ချက်တွေကို ဆုတ်ယုတ်စေမယ့် အပြောအဆိုမှတ်ချက်မျိုး သူမ အနေနဲ့ အလွယ်တကူ ပြောဆိုဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ယေဘုယျအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေအရ တွေ့ဆုံဆွေးနွေးရေး လိုအပ်ကြောင်း ပြောဆိုကောင်းပြောဆိုနိုင်ပေမဲ့ လက်ရှိ ပြည်သူလူထုက ရရာ လက်နက်ဆွဲကိုင်ပြီး ဘဝနဲ့ရင်းထားတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ထိခိုက်စေမယ့် မှတ်ချက်မျိုး မပြောမိအောင် သတိထားမယ်ဆိုတာ သေချာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဖေတူသမီးလို့လည်း ပြောဆိုကြတာ ရှိပါတယ်။ ဖခင်ဖြစ်သူဟာ ကိုလိုနီ နယ်ချဲ့တွေကို အကြမ်းမဖက် တော်လှန်ခဲ့သလို လက်နက်ကိုင်တပ်ဖွဲ့ပြီး တော်လှန်ခဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ငံရေး မိသားစုကနေ မွေးဖွားလာသူဖြစ်ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်းမှာ အတိုက်အခံ ခေါင်းဆောင်အဖြစ်ရော၊ အစိုးရအဖွဲ့ရဲ့ ပဲ့ကိုင်ရှင် အဖြစ်ရော စစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အတွေ့အကြုံရှိသူ ဖြစ်တဲ့အတွက် လက်ရှိအခြေအနေကို လုံလောက်တဲ့ သတင်းအချက်အလက် မရရှိဘဲ၊ တော်လှန်ရေးလားရာ အချိုးအကွေ့ဖြစ်သွားစေမယ့် စကားမျိုး သူမအနေနဲ့ ပြောဆိုလိမ့်မယ်လို့ မထင်ပါ။
အဲဒါကြောင့် လက်ရှိကာလမှာ တော်လှန်ရေး အင်အားစုတွေသာ စုစည်းပြီး တော်လှန်နေကြမယ်ဆိုရင်၊ တော်လှန်ရေးအပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုသာ ဆက်ရှိနေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြမ်းမဖက် လမ်းစဉ်ကြောင့် စစ်အာဏာရှင်တွေ သက်ဆိုးရှည်သွားမယ့် အချိုးအကွေ့သို့ ပြောင်းလဲသွားဖို့ မဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။
===