ကသာမြို့နယ်တွင် စစ်ကောင်စီက ၁၀ ရက်အတွင်း ဂျက်လေယာဉ်ဖြင့် ၃ ကြိမ်တိုက်ခိုက်ခဲ့
21 January 2022-Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် ဟဲနားကျေးရွာအုပ်စု ကျွန်းပင်ကျေးရွာမှာ ယနေ့ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက ဂျက်လေယာဉ်တစ်စင်းဖြင့် ဗုံးတစ်လုံးကြဲချသွားသည်ဟု ဒေသခံတစ်ဦးကဆိုသည်။
ပြည်သူများထိခိုက်မှုရှိမရှိကိုတော့ လက်ရှိအချိန် မသိရသေးကြောင်းလည်းဆိုသည်။
ယနေ့ တစ်ကြိမ်နှင့်ဆိုလျှင် ကသာမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်တာ ၁၀ ရက်အတွင်း ၃ ကြိမ်ရှိပြီဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးကဆိုသည်။
ယခုရက်ပိုင်းမှာ စစ်ကောင်စီတပ်များက ကသာမြို့နယ်မှာ လေကြောင်းသုံးတိုက်ခိုက်ပစ်ခတ်မှုမျာ၊ းရွာထဲဝင်ပြီး လိုက်လံစစ်ဆေးမှုများပြုလုပ်နေသည့်အတွက် မိုးတားကြီး၊ ဟဲနား၊ မြေနု၊ မိုးတားလေ၊ နောင်ပင်၊ ပင်ဘူး၊ ရွှေဂုန်တိုင်၊ ဝက်ခေါက်၊ နမ်ဆန်း၊ မှတ်တိုင်၊ ဆူးပူကုန် အစရှိသောကျေးရွာများက ပြည်သူ ၂ ထောင်ကျော်သည် တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
ဇန်နဝါရီလ ၁၂ နှင့် ၁၈ ရက်များမှာ ကသာမြို့နယ်အတွင်းမှ မိုးတားကြီးနှင့် မှတ်တိုင်ရွာများကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် အကြောင်းမဲ့ လာပစ်သွားသည့်အတွက် ၁၀ နှစ်အောက်ကလေးငယ် ၃ ယောက်နှင့် ဒေသခံပြည်သူ လူကြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း အင်းရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ရွာကနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။
စစ်ကောင်စီတပ်များမှ ဝင်ရောက်စစ်ဆေးမှုများ လေကြောင်းဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် ကသာမြို့နယ် တစ်မြို့နယ်လုံးက ပြည်သူများ စစ်ကောင်စီတပ်များ ရွာထဲဝင်လာချိန်နှင့် လေယာဉ်လာချိန်များတွင် တောထဲ ထွက်ပြေးလိုက်၊ စစ်ကောင်စီတပ်များ ပြန်သွားမှနေအိမ်ကို ပြန်လာလိုက် ပြုလုပ်လုပ်နေရကြောင်းလည်း ဒေသခံများကဆိုသည်။
ပုံ။ ဇန်နဝါရီ ၁၂ နေ့က မိုးတားကြီးကျေးရွာကို စစ်ကောင်စီက လေကြောင့်ဖြင့် ပစ်ခတ်စဥ်