မဲဆန္ဒရှင်များ စဉ်းစားသင့်သော အချက်သုံးချက်
အင်လွန်း
လက်ရှိမြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတိယအကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဘာကိုကြည့်ပြီး၊ ဘယ်သူ့ကို မဲပေးရမလဲဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာပါတယ်။ မေးခွန်းက မဆန်းပေမဲ့ မဲပေးရမယ့် တချို့ပြည်သူတွေအတွက် အဖြေကဝေဝါးနေသေးတာ ဖြစ်နေပါတယ်။ လာမယ့် ရွေးကောက်ပွဲအတွက် မဲထည့်တဲ့အခါ အဓိက အချက်(၃)ချက်ကို စဉ်းစားသုံးသပ်ပြီး ပြည်သူတွေ မဲပေးသင့်ပါတယ်။
ပထမအချက်က စနစ်ဖြစ်ပါတယ်။ စနစ်လို့ပြောရင် အများပြည်သူတွေ သိရှိထားတဲ့အတိုင်းပဲ ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်တိုးတက်ရန် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ ဖြစ်ပါတယ်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး၊ ပြည်သူရွေးကောက်တဲ့ အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ တပ်မတော်ကြားက ဆက်ဆံရေးအခန်းကဏ္ဍ အနှိမ့်အမြင့်က အဓိကကြပြီး အရပ်ဘက်ဘောင် ကျယ်လာဖို့ အရေးကြီးပါတယ်။
နောက်တစ်ခု ထည့်ပြောရမယ်ဆိုရင် တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဘောင်ကျယ်လာဖို့ကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့မူအရ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စံနှုန်းတွေ ချို့ယွင်းနေပေမဲ့ ရွေးကောက်ပွဲ ရှိနေသေးတာဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ်အဆင့်တွေမှာရော အရပ်ဘက်နယ်ပယ်တွေ ဘောင်ကျယ်လာဖို့အတွက် ချဉ်းကပ်နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားပြည်သူတွေ အားကိုးနိုင်တဲ့ အရပ်သားတိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေ ဖြစ်ပေါ်လာဖို့၊ ပိုမိုအားကောင်းလာဖို့ ရည်ရွယ်ချက်ထားရှိရမှာ ဖြစ်ပါတယ်။ ဒီအချက်အတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ပိုပြီးကိုက်ညီတဲ့ ပါတီကိုအရွေးမှန်ဖို့ လိုပါတယ်။
ဒုတိယအချက်က နောက်ခံသမိုင်းကြောင်းကို ကြည့်ပြီးမဲပေးရမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်းလို့ပြောတဲ့အခါမှာ ပါတီရဲ့သမိုင်းကြောင်းနဲ့ ပါတီမှာပါဝင်နေတဲ့လူတွေ၊ အထူးသဖြင့် ပါတီရဲ့မူဝါဒကို ပဲ့ကိုင်နေတဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးသမိုင်းကြောင်းတွေကို လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။ နောက်ခံသမိုင်းကြောင်းကို ကြည့်တဲ့အခါ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းကိုပဲ ကြည့်ရင်ပြည့်စုံမယ် မထင်ပါ။ ၂၀၁၀ ရှေ့ပိုင်းကာလကိုလည်း ကြည့်ရအုံးမယ် ထင်ပါတယ်။ ထိုသို့ သမိုင်းကြောင်းကို ကြည့်ရှုပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ပေါင်းစပ်သုံးသပ်ကာ မဲပေးဖို့ရွေးချယ် သင့်ပါတယ်။
တတိယအချက်က လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိနိုင်ငံရေးအခြေအနေကိုကြည့်ပြီး မဲပေးခြင်းဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရဖွဲ့နိုင်ဖို့က ပြည်ထောင်စုလွှတ်တော်မှာ အသာစီးမဲနိုင်ရင် ဖြစ်နိုင်ပါတယ်။ ဒီအချက်ကြောင့် အစိုးရဖွဲ့နိုင်ဖို့ ပြည်နယ်လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ မဲအသာစီးရစရာ မလိုအပ်ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာမှာ တိုင်းရင်းသားအရေးကလည်း အက္ခရာဖြစ်တဲ့အတွက် ပထမအချက်မှာ ဆွေးနွေးခဲ့သလို ပြည်နယ်တွေမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍအားကောင်းလာဖို့ အရေးကြီးပါတယ်။
နောက်တစ်ခုက ၂၀၀၈ကို ပြင်ဆင်ဖို့အဆိုတင်သွင်းခွင့်ရှိတဲ့ လွှတ်တော်ဟာ ပြည်ထောင်စုလွှတ်တော် ဖြစ်ပါတယ်။ ဒီအတွက် ဘယ်ပါတီနဲ့ ဘယ်ပုဂ္ဂိုလ်တွေကို အစိုးရဖွဲ့စေမလဲ။ ၂၀၀၈ ပြင်ဆင်နိုင်ရေးအတွက် ဘယ်ပါတီနဲ့ ဘယ်ပုဂ္ဂိုလ်တွေကို မဲပေးမလဲ မဲဆန္ဒရှင် ပြည်သူတွေ စဉ်းစားရွေးချယ်ဖို့ ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရမယ်ဆိုရင် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးမှာ အရပ်ဘက်ဘောင်ကျယ်လာဖို့ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးတဲ့အခါ၊ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို စဉ်းစားသုံးသပ်ပြီး မဲပေးသင့်တယ်လို ယူဆပါတယ်။