နံရံပန်းချီရေးဆွဲပြီး Covid-19 ပညာပေးအစီအစဉ်ပြုလုပ်သူများ၏ ပန်းချီကားနှင့်ပတ်သက်၍ တရားစွဲဆိုမည့်အပေါ် အနုပညာရှင် ၂ဦး၏ သဘောထား
ကိုထိန်လင်း
ပန်းချီဆရာ
အဲဒီဓါတ်ပုံကြည့်ရတယ်။ နောက်တစ်ခါ သက်ဆိုင်ရာကရောက်လာတဲ့အခါ ဆွဲတဲ့လူ ရှင်းပြတဲ့ဗီဒီယိုဖိုင်လည်း ကြည့်ရတယ်။ ဒီ composition ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံလေးလည်း ကောင်းပါတယ်။ နောက်တစ်ခုက သူ့ရည်ရွယ်ချက်လည်း ကောင်းပါတယ်။ နောက်တစ်ခါ သူဒီဟာကို သေမင်းကနေပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကို လွှတ်လိုက်တဲ့ဟာပေါ့။ အဓိကတော့ သူ Campaign လုပ်တာပေါ့။ လူတွေမပေါ့ကြဖို့ ပိုပြီးမှဂရုစိုက်ကြဖို့ ဆိုပြီးတော့ ရည်ရွယ်ပြီးလုပ်တယ်။ ဗီဒီယိုဖိုင်မှာ ပြောနေတဲ့ပုံအရ အကဲခတ်ကြည့်တဲ့အခါမှာ တမင်ရည်ရွယ်ပြီး ဆွဲလိုက်တာ မဟုတ်ဘူးဆိုတာကိုတော့ တွေ့ရတယ်။
တကယ်တန်းကြတော့ သူစေတနာရှိတယ်။ တဖက်ကကြတော့ အနုပညာကျောင်းတွေ သင်တန်းတွေကနေ သင်ယူလာတဲ့ ပန်းချီဆရာမျိုး မဟုတ်ဘူး။ အဓိကဒီပုံတစ်ခုလုံးမှာ အဓိကမြင်တာက ကာလာ အရောင်ပဲ။ အရောင်အားဖြင့် အနီရောင်ဖြစ်နေတယ်နော်။ တစ်ဖက်ကလည်း ဒါရဟန်းတော်ကြီးပုံ၊ ဒါဆိုရင် message အမှားကြီးဖြစ်သွားတာပေါ့နော်။ ဆိုတဲ့အတွက်ကြောင့် Campaign သဘောလည်းဖြစ်တဲ့အတွက် public art တွေမှာတော့ ပိုပြီးတော့ clear ဖြစ်ဖို့၊ အားလုံးရှင်းရှင်းလင်းလင်း ဖြစ်ပြီးတော့ ဒါသေမင်းဖြစ်ကြောင်း clear ဖြစ်ဖို့ လိုတော့လိုအပ်တာအမှန်ပဲ။
ဖြစ်တတ်ပါတယ်။ လက်တွေ့တကယ်ဆွဲပြီဆိုတဲ့အခါမှာ တခါတလေကြလို့ရှိရင် background မှာသုံးထားတဲ့ ကာလာ၊ နောက်ကျန်တဲ့နေရာတွေမှာ သုံးထားတဲ့ကာလာတွေရယ်၊ အဲဒီလိုမျိုးရှိတဲ့အချိန်မျိုးမှာ တကယ်ဖြစ်သင့်တဲ့ ကာလာကို မသုံးလိုက်ရတဲ့ဟာမျိုး။ တခါတလေကြတော့လည်း ကိုယ်တွေလည်းဖြစ်ဖူးတယ်။ အရောင်နှစ်မျိုးသုံးမျိုးပဲရှိတာ၊ ကိုယ့်လက်ထဲမှာ။ အဲလိုဟာမျိုးမှာ (ရှိတဲ့အရောင်) ဒါပဲသုံးလိုက်ရတဲ့ဟာမျိုး၊ ဒါမျိုးတွေဖြစ်တတ်ပါတယ်။ သေမင်းပုံမှာ များသောအားဖြင့် အနက်ရောင်ဝတ်ကြတယ်ပေါ့နော်။ ဒီမှာအနီရောင်ဖြစ်နေတယ်။ အဲဒါကလွဲလို့ ကျန်တဲ့စေတနာတို့ သူပြောချင်တဲ့ဟာတို့မှာ တော်တော်လေး တတ်နိုင်သလောက်ကြိုးစားပြီးတော့ လုပ်ထားတာကို တွေ့ရပါတယ်။
ကိုယ်ကတော့ ဖြစ်စေချင်တဲ့ဟာက ဒီဟာကို ဘယ်လောက်လုပ်လိုက်မယ်။ ဒီလိုမျိုးတားမြစ်လိုက်မယ် ဆိုတာထက်စာရင် ဖြစ်နိုင်တဲ့ဥစ္စအရပေါ့နော်၊ တတ်နိုင်သလောက်နားလည်ပေးပြီးတော့၊ တစ်ဖက်ကလည်း အရောင်အားဖြင့်၊ ပြန်ပြင်လိုက်ရင် မဖြစ်ဘူးလားပေါ့နော်။ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူ့မှာတမင်ရည်ရွယ်တာလဲ မရှိဘူး။ နောက်တခါ လူငယ်ဖြစ်ပြီးတော့ ဝါသနာရှင်လည်းဖြစ်တဲ့အခါမှာ နားလည်မှုလွဲသွားတဲ့သဘောမျိုးနော်။ တကယ်အကျိုးရှိတဲ့ နံရံပန်းချီလေးဖြစ်သွားအောင် တဖက်ကအဲသလိုမျိုးလုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ကိုယ့်အနေနဲ့ ထင်မြင်မိတယ်။
Ko Z
Installation Art Artist
ကျွန်တော့်အမြင်တော့ အဲလောက်ထိတော့ မဖြစ်သင့်ဘူးပေါ့။ အခုဒီလူငယ်တွေက ပညာပေးအနေနဲ့ ရည်ရွယ်ချက်လည်းကောင်းတယ်ဆိုတော့၊ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ညှိနှိုင်းပြီး ပြေပြေလေလေပြီးသွားရင်တော့ ကောင်းတယ်လို့မြင်တယ်။