ကသာမှာ သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်
–
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ သန်းခေါင်စာရင်းကောက်ဖို့ မြို့ပြင်မှာ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယနေ့ အောက်တိုဘာလ ၆ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်၊ ရဲတွေနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ကသာမြို့ အမှတ် (၄) ရပ်ကွက် တာရိုးတန်းနဲ့ အမှတ် (၈) ရပ်ကွက် နတ်ကြီးကုန်းဘက်မှာ စတင်ကောက်ယူခဲ့တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“စစ်သား၊ ရဲတွေနဲ့ သက်ဆိုင်ရာဌာနတွေက ပူးပေါင်ပြီးတော့ အမှတ် (၄) ရပ်ကွက် တာရိုးတန်းနဲ့ အမှတ် (၈) ရပ်ကွက် နတ်ကြီးကုန်းဒေသတွေကို စပြီးတော့ သန်းခေါင်းစာရင်းကောက်ယူခဲ့တယ်၊၊”လို့ ပြောပါတယ်၊၊
မြို့ထဲ သန်းခေါင်စာရင်း ကောက်ယူနေချိန် ကသာမြို့ ခမရ (၃၀၉) ကနေ မြို့ပြင်ဘက် လုံခြုံရေးယူဖို့ ကင်းပတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးယူးပေါင်းတပ်တွေက မနက် ၁၁ နာရီလောက်မှာ အင်းတော် – ကသာလမ်းပိုင်းနဲ့နီးတဲ့ အောင်ဘုံရွာနဲ့ တံတားဦးရွာအနီးအရောက်မှာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ကသာမြို့နဲ့ ၆ မိုင်အကွာမှာရှိတဲ့ အောက်ဝဲကြီးကျေးရွာအနီးမှာ ခမရ (၃၀၉) တပ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့မှုတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်၊၊
သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး ကသာခရိုင်မှာတော့ စစ်ကောင်စီတပ်က လုံးဝ ထိန်းချုပ်မှုမရှိတော့တဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ ကောက်ယူနိုင်မှု လုံးဝမရှိပဲ စကစထိန်းချုပ်ထားတဲ့ ကသာမြို့ပေါ်နဲ့ ဗန်းမောက်မြို့ပေါ်မှာတော့ ကောက်ယူနိုင်မှု အနည်းငယ်ရှိသေးတယ်လို့လည်း သိရပါတယ်။