အင်းတော်ကြီးမှာ စကစ နဲ့ SNA စုပေါင်းဂိတ်မှာ (၅/) မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ သူတွေကို ဖမ်းဆီးနေတယ်လို့ပြော
–
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် (SNA) တွေက ပြည်သူတွေကို စစ်ဆေးမှုတွေလုပ်နေပြီး (၅/) စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ဆောင်သူတွေနဲ့ ကချင်ပုဆိုးဝတ်ထားတဲ့သူတွေကို PDF တွေဟု စွပ်စွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မှာ တိုက်ပွဲဖြစ်လို့ နေရပ်ပြန်လာကြသူတွေကို အင်းတော်ကြီး နမ့်မွန်းရွာဂိတ်မှာ SNA နဲ့ စစ်ကောင်စီစစ်သားတွေက သင်တန်းပြန်တဲ့သူတွေနဲ့ PDF တွေလို့ စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဘယ်လိုပုံစံနဲ့ စစ်သလဲဆို မှတ်ပုံတင်စစ်တယ်။ ပြီးရင် ၅/ဆို ထောက်ခံစာပါရင်ပါ၊ မပါဘူးဆို တစ်ခါတည်း ခေါ်ထားတယ်။ ထောက်ခံစာပါရင်တောင် အရမ်းရစ်တယ်။ ဘယ်သွားတာလဲ၊ ဘာလုပ်တာလဲ။ အိတ်တွေအကုန် လှန်လောပြီး စစ်တယ်။ သူတို့ရစ်ချင်ရင် မှတ်ပုံတင်ကြည့်ပြီး သူတို့ရွာပဲလေ PDF ရွာပဲ။ ဒီကောင်ပဲ ငါတို့တို့ ဂိတ်မှာစစ်တဲ့ကောင်၊ ဒီကောင်ပဲ PDF ခေါင်းဆောင် အဲ့လိုတွေ ခေါင်းစဉ်တွေတပ်ပြီး ပြောတယ်။ ကျန်တဲ့သူတွေ (SNA) ကလည်း ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ ငါမြင်ဖူးတယ်။ အဲ့လိုတွေ ထောက်ခံကြပြီး တခါတည်း ဖမ်းထားတာ။”လို့ ပြောပါတယ်။
လက်ရှိ နန့်မွန်းဂိတ်မှာ SNA နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အယောက် (၃၀) ကျော်လောက်ရှိနေပြီး တပ်သားသစ်တွေ စုဆောင်းနေတာတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အင်းတော်ကြီးမှာ ဂိတ် (၃) ဂိတ်ရှိတယ်။ ကျန်တဲ့ (၂) ဂိတ်က ပိုက်ဆံပေးရတဲ့ဂိတ်။ နမ့်မွန်းဂိတ်ကတော့ အဆိုးဆုံးပဲ။ အဲ့ဂိတ်ပဲ လူတွေကိုဖမ်းနေတာ။ ကျွန်တော် မြင်တဲ့ရက်ဆို တစ်ရက်ထဲနဲ့ (၃၀) ကျော်လောက် ဖမ်းထားတာ။ တပ်သားသစ်တွေ စုဆောင်းဖို့ လိုက်ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ဂိတ်မှာရှိတဲ့ SNA စစ်သားလေးတွေဆိုလည်း ငယ်ငယ်လေးတွေပဲ။ အော်လိုက်၊ ဟောက်လိုက်နဲ့ အတော်ဆိုးဆိုးပဲ။”လို့ ပြောပါတယ်။
အင်းတော်ကြီးမှာ SNA နဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတဲ့အပြင် ဆေးဝါးတွေနဲ့ တခြားကုန်ပစ္စည်းတွေကို သယ်ယူခွင့်တွေ ကန့်သတ်ထားတဲ့အတွက် ဆေးဝါးပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်း တက်တာတွေပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ရွာ၊ မိုးညှင်းမြို့အဝင် ဆယ်မိုင်ရွာနဲ့ မြစ်ကြီးနားမြို့အဝင်တို့မှာ စစ်ကောင်စီတပ်တွေက အစစ်အဆေး တင်းကြပ်တာတွေလုပ်နေပြီး ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။