မိုးမိတ်နဲ့တွင်းငယ်ကြားက ကျေးရွာဆေးခန်း လေယာဉ်ဗုံးကြဲခံရပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရ
–
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအစပ်ဖြစ်တဲ့ မိုးမိတ် – တွင်းငယ် လမ်းပေါ်မှာရှိတဲ့ ကျောက်မောကျေးရွာက ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်မှု ပြုလုပ်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ အောက်တိုဘာ ၃ ရက် ည ၁၀ နာရီလောက်မှာ တံတားဦးကနေတက်တဲ့ ဂျက်ဖိုက်တာ (၁) စီးနဲ့ ပေါင် (၂၀၀) ဗုံးနှစ်လုံးကြဲချခဲ့ပြီး ကျောက်မောရွာ ဆေးခန်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောက်မောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျောက်မော ဆေးခန်းဝင်ပေါက်ရှေ့တည့်တည့် ပေါင်နှစ်ရာတစ်လုံး။ ဆေးခန်း တည်နေရာအနောက်အရပ် ကပ်လျက်ခြံအလွတ်ထဲ ပေါင်နှစ်ရာ တစ်လုံး။ စုစုပေါင်း ဂျက်ဖိုက်တာနဲ့ ပေါင်နှစ်ရာဗုံးသီးနှစ်လုံး တပြိုင်နက်တည်း ကြဲချခဲ့တယ်။”လို့ ဒေသခံအမျိုးသားက ပြောပါတယ်။
အဆိုပါ ဗုံးကြဲချမှုကြောင့် ရွာကိုဆေးကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံ (၂) လုံး ထိခိုက်ပျက်စီးတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ အောက်တိုဘာလ ၃ ရက်နေ့ တစ်ညလုံး ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း တချို့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။