လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပေါင် (၅၀၀) လေယာဉ်ဗုံးကြဲချနေဆဲဖြစ်ပြီး၊ တရုတ်ဘုံကျောင်းကြီး ထိခိုက်ပျက်စီး
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်တပ်ဘက်က ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက်အစောပိုင်းလောက်မှာ ပေါင် (၅၀၀) လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ MNDAA သတင်းရင်းမြစ်က ဖော်ပြထားပါတယ်။
ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက် ၂ နာရီနဲ့ ၅ နာရီကြားမှာ ပေါင် (၅၀၀) လေယာဉ်ဗုံး (၄) လုံး ကြဲချခဲ့လို့ ရပ်ကွက် (၅) တရုတ်ဘုံကျောင်းနဲ့ ရပ်ကွက် (၈) အနောက်ဘက် လေယာဉ်ဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက် (၅) မှာရှိတဲ့ လားရှိုးမြို့ရဲ့ နာမည်ကြီး တရုတ်ဘုံကျောင်းကြီးကို ထိမှန်ခဲ့ပြီး ရုပ်ပွားတော်တွေနဲ့ ကျောင်းဆောင်တွေ ပျက်စီးခဲ့ပြီး နေအိမ်၊ အဆောက်အအုံတွေလည်း ပျက်စီးခဲ့သလို ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိတ်လန့်နေကြပြီး မြို့ကိုပြန်လည် စွန့်ခွာတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က အောက်တိုဘာ ၃ ရက်နေ့ ည ၁၀ နာရီလောက်မှာလည်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်နဲ့ တွင်းငယ် လမ်းပိုင်းမှာရှိတဲ့ ကျောက်မောရွာ ဆေးခန်းကို ပေါင် (၂၀၀) လေယာဉ်ဗုံးနှစ်လုံး ကြဲချခဲ့လို့ ဆေးခန်း အဆောက်အအုံပျက်စီးပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။