ရေဦးမြို့ စစ်ကောက်စီစခန်းကနေပစ်တဲ့ လက်နက်ကြီးကြောင့် လယ်ကွဥ်ထဲ ပေါင်းပင်နုတ်နေတဲ့ အမျိုးသမီးတစ်ဦးသေဆုံး
–
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ ရေဦးအနောက်ခြမ်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်ခဲ့လို့ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက် ၉ နာရီလောက်မှာ ရေဦးတိုင်းရင်းဆေးရုံမှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး (၅) လုံးထက်မနည်း အနောက်ဘက်ခြမ်းရွာတွေဘက်ကို ရမ်းပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးတစ်လုံးက သံသည်ရွာအနောက်ဘက် ချောင်းဘောင်ဘေး လယ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ လယ်ကွက်ထဲ ပေါင်းပင်နုတ်နေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“မနက်ပိုင်း အဖော်တွေနဲ့ သံသည်ရွာအနောက်ဘက် ချောင်းဘောင်ဘေး လယ်ကွက်ထဲကို ပေါင်းနုတ်နေတယ်လို့ သိရတယ်။ အတူတူပါတဲ့ အဖော်တွေက တက်သွားကြပြီး သူ့ကိုခေါ်တော့ မလိုက်သေးဘူးပြောလို့ ထားခဲ့တယ်လို့ သိရတယ်။ အဲ့အချိန် ရေဦးတိုင်းရင်းကနေ စစ်ခွေးတွေက လက်နက်ကြီး (၅) လုံးထက်မနည်း အနောက်ဘက်ခြမ်းရွာတွေဘက်ကို ရမ်းကားပစ်ခတ်ခဲ့တာ။ လက်နက်ကြီးတစ်လုံးက သူပေါင်းနုတ်နေတဲ့ လယ်ကွက်ထဲ ကျရောက်ပေါက်ကွဲလို့ ဦးခေါင်းထိမှန်ပြီး ခေါင်းပွင့်သေဆုံးခဲ့ရတယ်။”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့သူဟာ အသက်က (၃၉) နှစ်အရွယ် မခင်မျိုးမြင့် ဆိုသူဟာ ကလေး (၅) ယောက်ရဲ့ မိခင်ဖြစ်ပြီး ပေါင်းပင်နုတ်အငှားလိုက်ကာ မိသားစုကို လုပ်ကျွေးနေသူ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ မွန်းလွဲပိုင်းလောက်မှာလည်း ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ ရေဦးအနောက်ဘက်ခြမ်းက ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေ ပြုလုပ်ခဲ့ပြီး မုတ်စီရွာအနီးမှာလည်း ဒရုန်းကနေကြဲချလိုက်တဲ့ ဗုံးသီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီအပြင် ရေဦးနယ်မြောက်ဘက်ခြမ်းမှာရှိတဲ့ အောင်သာယာ ပျူစောထီးရွာကနေ တိုက်ခိုက်ရေး Drone နဲ့ ကန့်ဘလူမြို့နယ် အနောက်တောင်ခြမ်း ကျောက်တိုင်ရွာနဲ့ ကျီစုရွာတွေဘက်ကို ဗုံးသီးကြဲချ တိုက်ခိုက်သွားလို့ ကျီစုရွာက ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သေးတယ်လို့လည်း သိရပါတယ်။
“ဘာတိုက်ပွဲမှ ဖြစ်မထားပဲနဲ့ကို ရေဦးက စစ်ခွေးတွေက အခုလိုပဲ နေ့စဥ်လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေကျပါပဲ။ ဒီနေ့လည်း တစ်နေကုန် လက်နက်ကြီးနဲ့ရမ်းပစ်။ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်နေတာ”လို့ ကိုထူးခန့်ဇော် ကဆိုပါတယ်။
မနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ရွှေဘိုခရိုင်တပ်ရင်း (၁၄) က ရေဦးမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ၎င်းက ပြောပါတယ်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်ရဲ့ ရေဦးမြို့မရဲစခန်းရှိ စစ်သား (၄) ဦးထက်မနည်းသေဆုံးခဲ့ပြီး လိုင်းခန်းတွေလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ပြောပါတယ်။