လမ်းဖွင့်ပြီဆိုတဲ့စကားကြောင့် ထွက်သွားတဲ့ ခရီးသည်ကားတစ်စီး အင်းတော် စစ်ကောင်စီဂိတ်မှာ ဖမ်းဆီးခံရ
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ လမ်းဖွင့်ပြီဆိုပြီး ဖြတ်သွားတဲ့ ရွှေရည်စုဝေ ယာဉ်လိုင်းက ခရီးသည်တင် Express ကားတစ်စီးရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့နှစ်ဦးကို ကားနဲ့အတူ စစ်ကောင်စီစစ်သားတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လူးမှာ ပိတ်မိနေတဲ့ကားတွေဟာ လမ်းဖွင့်ပြီဆိုတဲ့ သတင်းကြောင့် ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေဟာ မနေ့က ညနေပိုင်းမှာ ထွက်သွားခဲ့ရာ အရှေ့ဆုံးသွားတဲ့ Express ကားတစ်စီးကို အင်းတော်မြို့အဝင် တံတားထိပ်ရှိ စစ်ကောင်စီစစ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲကြောင့် မုံရွာ-မန္တလေး-ရွှေဘို-မြစ်ကြီးနား သွားတဲ့ ခရီးသည်ကားတွေနဲ့ ကုန်ကားတွေဟာ အင်းတော်မြို့နယ်မှာ ရာနဲ့ချီ ပိတ်မိနေပြီး၊ လမ်းစရိတ်ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“မနေ့က ကားတွေ လမ်းဖွင့်ပြီ ထွက်လို့ရပြီလို့ လာပြောတော့ ပိတ်မိနေတဲ့ ကားတွေ အကုန်ထွက်ကြတာ၊ အင်းတော်မြို့ အဝင်ရောက်တော့ စစ်တပ်က မဖြတ်ခိုင်းဘူး။ မြို့အဝင် တံတားပေါ်တက်ရင်ကို သေနတ်နဲ့ လှမ်းပစ်တာ။ သေနတ်နဲ့ လှမ်းပစ်တော့ ကျန်တဲ့ကားတွေက အကုန်လှည့်ပြေးတာပေါ့။ အဲ့ဒီ Express ကားကတော့ ဖမ်းခံထားလိုက်ရတယ်။”လို့ ပြောပါတယ်။
ဖမ်းဖွင့်ပြီဆိုတဲ့ သတင်းဟာ အင်းတော်ဘက် လမ်းဖွင့်တာကိုပြောတာ မဟုတ်ဘဲ၊ ကသာဘက်သွားတဲ့ လမ်းဖွင့်တာကို အကောက်လွဲသွားလို့ ဖြစ်သွားရတာလို့ စုံစမ်းသိရှိရပါတယ်။
အဆိုပါ Express ကားပေါ်တွင် ခရီးသည် ၂၀ ကျော် ပါဝင်ပြီး ခရီးသည်တွေကိုတော့ ပြန်လွတ်ပေးခဲ့ပေမဲ့ အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းနဲ့ ၁၉ နှစ်အရွယ် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့က အခုလ ဩဂုတ် ၁၆ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။