သင်္ဘောများကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်က အရပ်သား ၅ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဆို
18 September 2023 – Kachinwaves
ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက် နေ့အထိ တစ်ပတ်အတွင်း အရပ်သားပြည်သူ ငါးဦးသတ်ဖြတ်ခံရကြောင်း သိရသည်။
စစ်လက်နက်၊ ရိက္ခာများတင်ဆောင်ပြီး မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောများကို လုံခြုံရေးယူပေးသော စစ်ကောင်စီစစ်ကြောင်းများက ကသာမြို့နယ်မှ အရပ်သား ပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၃ ရက်နေ့က ကသာမြို့နယ်၊ အင်းရွာတွင်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် သင်္ဘော လုံခြုံရေးယူရန် အင်းရွာမှထွက်ခွာစဉ် လမ်းတွင်တွေ့သည့် အသက် ၃၁ နှစ်အရွယ်ရှိ ဦးထွန်းထွန်းနိုင် ဆိုသည့် အရပ်သားအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။
“၁၃ ရက်နေ့က အင်းကြီးကထွက်တဲ့ စစ်ကြောင်းက ပြည်သူတစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီး သတ်ဖြတ်သွားတယ်။”ဟု ပြောသည်။
ဦးထွန်းထွန်းနိုင်ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဗန်းမော်သို့ဆန်တက်မည့် သင်္ဘောများ နှင့်အတူ လိုက်ပါလာသည့် သံခွန်မော်တော်ယာဉ်များပေါ် လိုက်ပါသွားကြောင်း သိရသည်။
မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် သင်္ဘောနှင့် သံခွန်ယာဉ်များကို ယမန်နေ့ (စက်တင်ဘာ ၁၇ ရက် နေ့) က ကသာနှင့် ရွှေကူမြို့နယ်အစပ်ရှိ မိုးတားတိုက်နယ်အရောက်တွင် မိုးတားပြည်သူ့ကာကွယ်ရေး အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် တုပ်ကြီးကျေးရွာဘုန်းကြီးကျောင်း မီးလောင်ကျွမ်းခဲ့သည့်အပြင် သင်္ဘောနှင့် သံခွန်မော်တော်ယာဉ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့က ကမ်းကပ်ပြီး တုပ်ကြီးရွာကို အကြောင်းမဲ့ ထပ်မံမီးရှို့ခဲ့သည့်အတွက် ကျေးရွာမှနေအိမ် ၃၈ လုံး မီးလောင် ပျက်စီးခဲ့သည်ဟုလည်း သိရသည်။
ထို့အပြင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ကသာမြို့နယ် တုပ်ကြီးကျေးရွာမှ ပြည်သူလေးဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း မိုးတားတိုက်နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။
“အခုလက်ရှိ တုပ်ကြီးက ပြည်သူတွေကိုသတ်သွားတာ လောလောဆယ် လေးလောင်းတွေ့ထားတယ်။ နောက်ထပ်လည်း ပျောက်နေတယ်။ ဒါပေမယ့် အတည်ပြုလို့တော့ မရဘူး။ ကမ်းပါးဘက်တွေကို ဆွဲချ ထားတဲ့ စွပ်ကြောင်းရာတွေ့တယ်။ ရေစပ်ကမ်းပါးနားမှာ သွေးကွက်တွေတွေ့တယ်။”
အမျိုးသား ရှစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရပြီး သင်္ဘောပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရ သူများလည်းရှိကြောင်း ၎င်းကဆိုသည်။
မှတ်တမ်းဓာတ်ပုံ တိတိကျကျရရှိထားသည့် အရပ်သားပြည်သူသတ်ဖြတ်မှုများအပြင် မှတ်တမ်းမှတ်ရာ တိတိကျကျမရရှိသေးသည့် သတ်ဖြတ်မှုများလည်းရှိနေသည်ဟု သိရှိရသော်လည်း Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် ဩဂုတ်လကလည်း မန္တလေးမှ ဗန်းမော်သို့ဆန်တက်သည့် စစ်သင်္ဘော ၉ စီးကို ကုန်းကြောင်း လုံခြုံရေးယူပေးသည့် စစ်ကောင်စီစစ်ကြောင်းက ကသာမြို့နယ်၊ အင်းဒရန့်ကျေးရွာနှင့် ကျောက်ထုံးကြီး ကျေးရွာမှ အရပ်သားပြည်သူ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု KNG သတင်းဌာနတွင် စက်တင်ဘာ ၁၃ ရက်နေ့က ဖော်ပြခဲ့ဖူးသည်။