တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေ
–
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုတွေက ဒရုန်းဗုံးတွေ လိုက်လံကြဲနေလို့ နေအိမ်တွေပျက်စီးပြီး ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်အချိန်မှာ တန့်ဆည်မြို့နယ် အင်ကုက္ကာတွင် အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒရုန်းနဲ့ ချောင်းဆုံရွာ(တ)ကို (၈၁) မမ ဗုံးသီး ၂ လုံး၊ အုပ်ဖိုအိုင်တောတိုက်ကိုလည်း ၂ လုံး၊ ဇီးဖြူကုန်းရွာကို ၁ လုံး၊ နဘက်ကြီးရွာကို ၂ လုံး ကြဲချခဲ့တယ်လို့ တန့်ဆည် ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နဘက်ကြီးရွာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ပျူစောထီးအဖွဲ့တွေကို ဒရုန်းတပ်ဆင်ပေးပြီးတဲ့နောက် အခုလို ဒရုန်းဗုံးတွေ လိုက်လံကြဲချနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ဟုတ်တယ် အခုလည်း သုံးရက်ရှိပြီး တန့်ဆည်နယ် အကိုတို့အနီးအနားရွာတွေ ဒရုန်းနဲ့ ဗုံးကြဲနေတာ။ ပျူတွေကို ဒရုန်းတွေတပ်ဆင်ပေးတာ မကြာသေးတော့ မျောက်အုန်းသီးရသလို ဆော့နေပြီး၊ ရွာတွေဘက် လိုက်ကြဲနေတာ”လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာလည်း တန့်ဆည်မြို့နယ် ဝရငယ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မှန်ရင်းရွာကို ဒရုန်းနဲ့ ဗုံးသုံးလုံး၊ အင်တိုင်းရွာနဲ့ စီးကြီးရွာကို ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တန်ဆည်နယ် ကာပေါင်းကျ ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ၈၁ မမ ဗုံးသီးနှစ်လုံးကြဲချခဲ့တာကြောင့် ကျေးရွာ ဆေးခန်းဆောင်တစ်ခု ပျက်စီးခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့တုန်းကလည်း တန့်ဆည်နယ် ဇီးပေါက်ရွာကို လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္တာန်တွေလည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။