ဝန်းသိုမြို့မှ ပစ်ခတ်သည့် ဟောဝှစ်ဇာလက်နက်ကြီးကြောင့် ကောလင်းမြို့ပေါ်မှ နေအိမ်များပျက်စီးခဲ့ပြီး ပြည်သူထိခိုက်မှုရှိ
21 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် ဝန်းသိုမြို့တပ်ရင်းမှ ပစ်ခတ်လိုက်သော ဟောဝှစ်ဇာလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်းပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ ညပိုင်းအချိန်တွင် နှစ်ရက်ဆက်တိုက် ကောလင်းမြို့ပေါ်သို့ ပစ်ခတ်ခဲ့သည့်အတွက် အောင်သပြေရပ်ကွက်မှ အသက် ၅၅ နှစ်အရွယ် ဦးလပြည့်နှင့် ၂၂ နှစ်အရွယ် ဈေးရုံရှိသည့် ဗိုလ်တဲရပ်ကွက်မှ အသက်၂၂ နှစ်အရွယ် ကိုနိုင်ထွန်းတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနေအိမ် ၅ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
“သူတို့က ၁၈ ရက်နေ့ ည ၇ နာရီလောက်မှာ ၄ ကြိမ်ပစ်ခဲ့တယ်။ ၁၉ ရက်နေ့ ညပိုင်းမှာလည်း ၄ ကြိမ်ပစ်ခဲ့တယ်။ ဝန်းသိုတပ်ကနေတော့ ကောလင်းဘက်ကို အမြဲတမ်းလိုလို ပစ်နေတာပဲ”ဟု ၎င်းရဲဘော်က ဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ပကဖ၊ ပလဖ စသည့် ပူးပေါင်းတပ်များသည် ကောလင်းမြို့အား အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးနောက် NUG အစိုးရ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်လျှက်ရှိနေသည်။
စစ်ကောင်စီတပ်မှလည်း မကြာခဏဆိုသလို ကောလင်းမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး အရပ်သားထိခိုက်မှုများရှိနေသည်။