ကသာတွင် KIA တပ်ဖွဲ့ဝင် ၃ ဦးကို စကစ ဝင်ရောက်စီးနင်း ဖမ်းဆီးသတ်ဖြတ်
18 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ပင်းမလွတ်ကျေးရွာတွင် စစ်ကောင်စီသတင်းပေးမှုကြောင့် KIA တပ်ဖွဲ့ဝင် ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် ကသာမြို့မှ အင်အား ၆၀ ခန့်ရှိသည့် တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းသည် ပင်းမလွတ်ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“သူတို့က မိုးမလင်းတလင်းအချိန်ကို ရုတ်တရက်ကြီး ရောက်ချလာတာ ဘာသတင်းမှလည်း မရလိုက်ဘူး။ အဲ့မှာပဲ သူတို့နေတဲ့အိမ် ဝင်စီးခံခဲ့ရပြီး ဖမ်းဆီးခံလိုက်ရတော့တာပဲ”ဟု ၎င်းက ဆိုသည်။
ပင်းမလွတ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်တစ်လုံးလည်း မီးရှို့ခံရကြောင်း ကျေးရွာပြည်သူတစ်ဦးထံမှ သိရသည်။
“ရောက်ရောက်လာချင်းပဲ အိမ်ကိုတန်းလာပြီး မီးရှို့သွားတာ အဲ့အိမ်ကလူတွေတောင် လက်မတင်လေး လွတ်မြောက်သွားတာ နေအိမ်ကပစ္စည်းတွေတော့ ဘာပစ္စည်းမှ ယူချိန်မရှိလိုက်ကြဘူး။”ဟု ၎င်းကျေးရွာခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်ချာနယ်တစ်ခုတွင် ကသာမြို့နယ် ပင်းမလွတ်ကျေးရွာရှိ ဆေးမှူးတာဝန်ထမ်းဆောင်နေသူ ဒေါ်ဘောက်ဆိုင်း၏ နေအိမ်အား ဝင်ရောက်စီးနင်းရာ အမျိုးသား ၃ ယောက်ထွက်ပြေးသွားစဉ် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း တင်ထားသည်။
ယခုအချိန်တွင် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ပင်းမလွတ်ကျေးရွာမှ ထွက်ခွာသွားပြီး ၎င်းရွာအနီးမှာပင် ပျောက်ဆုံးနေကြောင်း သိရသည်