စစ်ရှိန်လျှော့ချရန်ထုတ်ပြန်ပေမဲ့ ပြင်းထန်တိုက်ပွဲများဖြစ်နေပြီး စစ်ဘေးရှောင်ပြည်သူ ထပ်တိုးလာတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က သတင်းများ
အပတ်စဉ်။ 7 September 2021 – Kachinwaves
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ စစ်အင်းအားတိုးမြင့်လှုပ်ရှားလာတဲ့ သတင်းနဲ့အတူ ပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များလည်း ထပ်တိုးလာတဲ့အတွက် စစ်ရှောင်များ အခက်အခဲဖြစ်နေတဲ့ သတင်းတွေကို ပြီးခဲ့တဲ့သီတင်းတစ်ပတ်မှာ တွေ့နေရပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးတဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကနေစပြီး ပိုမိုခက်ခဲကြပ်တည်းလာပြီး၊ ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးရဲ့ဒဏ်ကို ပြည်သူများစိုးရိမ်ကြောက်လန့်ဖွယ်ရာ ခံစားနေရတဲ့အချိန်ကာလတွင် တိုက်ပွဲများဖြစ်ပွားနေရင် အကျိုးမရှိနိုင်ကြောင်း၊ ဩဂုတ် ၂၄ရက်နေ့တွင် ကေအိုင်အိုက သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) နဲ့ ရက္ခိုင့်တပ်မတော် (ULA/AA)တို့လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုးရွားစွာခံစားနေရတဲ့ ပြည်သူများကို စစ်ဘေးဒဏ်ကိုပါ နောက်ထပ်မခံကြစေရန် စစ်ရေးလှုပ်ရှားမှုများကို အတတ်နိုင်ဆုံး လျှော့ချခြင်း၊ ရှောင်ကြဉ်ခြင်း၊ ရပ်တန့်ခြင်းများပြုလုပ်ရန် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ချက်ကို စက်တင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နယ်စပ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဒေသက အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်မှာ အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း ဩဂုတ်လ ၂၁ ကနေ ၂၈ ရက်အနေ့အထိ မြန်မာနိုင်ငံသို့ရောက်ရှိပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနဲ့ တွေ့ဆုံနေတဲ့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကြား နှစ်ဖက်စစ်ရေးသတိထားလှုပ်ရှားမှုများရှိနေပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကောင်စီတပ်များ စစ်အင်းအားဖြည့်တင်းလာတဲ့ လှုပ်ရှားမှုများကြောင့် တစ်ပတ်အတွင်း နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေတာကို တွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့ကြား ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်ကနေ ဆက်တိုက် ပြင်းထန်တိုက်ပွဲများ ဖြစ်လာခဲ့ပါတယ်။ Kachinwaves မှ ရရှိတဲ့သတင်းအရ ဩဂုတ် ၃၀ မှ စက်တင်ဘာ ၅ ရက်နေ့အထိ (တစ်ပတ်အတွင်း) စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့ကြား တိုက်ပွဲပေါင်း အနည်းဆုံး (၈)ကြိမ် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ကေအိုင်အေနဲ့ စစ်ကောင်စီကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ စက်တင်ဘာ ၃ရက်နေ့ မနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် မြို့ရွာများအတွင်း လက်နက်များ ရမ်းသမ်းပစ်ခတ်တဲ့ လုပ်ရပ်ကိုလည်း စစ်ကောင်စီတပ်က ဆက်လက်ပြုလုပ်နေတဲ့ သတင်းများကိုလည်း တွေ့ရပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ည ခုနှစ်နာရီတွင် ဝိုင်းမော်မြို့အခြေစိုက် အမှတ် (၅၈) ခလရ တပ်ရင်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ည ၈နာရီတွင် မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက်က စစ်ကောင်စီလေတပ်စခန်းအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရပေမဲ့ ဘာကြောင့် ပစ်ခတ်တာကိုတော့ မသိရပါ။
စက်တင်ဘာ ၂ရက်နေ့ ည ၉နာရီခန့်တွင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့က စစ်ကောင်စီတပ် အမှတ်(၁၄၂)ခလရ တပ်ရင်းကနေ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေါ့ဖုန်းယန်မြို့ ရပ်ကွက်(၃)က ပြည်သူတစ်ဦးရဲ့ ကျွဲခြံထဲကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲနှစ်ကောင်ကျည်စ ထိမှန်ဒဏ်ရာကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်များတွင်ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများက ပြည်သူတစ်ထောင်ကျော် နီးစပ်ရာမြို့ရွာများနဲ့ တရုတ်နယ်စပ်များတွင် တိမ်းရှောင်နေရတဲ့ သတင်းတွေကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်များပိုင်တွင် စစ်ရှောင်ပြည်သူများ ထပ်တိုးလာတဲ့အတွက် အခက်အခဲများနဲ့ ရင်ဆိုင်လာရပြီး အကူအညီများလိုအပ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဘက်က စစ်ဘေးဒုက္ခသည် စခန်းများတွင်လည်း အခက်အခဲများဖြစ်ကာ အကူအညီများလိုအပ်လာတဲ့ သတင်းများကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်၊ ဧပြီနဲ့ မေလများတွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ထွက်ပြေးခဲ့ကြတဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟက် နဲ့ နွမ်းလန့် စတဲ့ ကျေးရွာများက ပြည်သူများမှာ တိမ်းရှောင်ခိုလှုံနေတဲ့ နေရာများတွင် အခက်အခဲများ ဖြစ်လာတဲ့အတွက် ကျေးရွာများသို့ ပြန်လာနေကြတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့က ဂျန်မိုင်ကောင်း (KBC) စစ်ရှောင်စခန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် Lock Down ချထားတာတစ်လကျော်လာတဲ့အတွက် အစားအသောက်များ ခက်ခဲလာတယ်လို့ သိရပါတယ်။ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းတွင် စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာက ပြည်သူများရဲ့ နေအိမ်များတွင် စစ်ကောင်စီစစ်သားများ ပြည်သူများနဲ့ ရောနှောဝင်ရောက်နေထိုင်နေတဲ့အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ သိရပါတယ်။ တန်ဂျာကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိပြီး လူဦးရေခြောက်ရာနီးပါး ရှိတယ်လို့ သိရပါတယ်။
ပြည်သူများ ဖမ်းဆီးပစ်သတ်ခံရတဲ့ သတင်းများမှာ ဩဂုတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရသူ ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာက ပြည်သူသုံးဦးကို ဩဂုတ် ၃၁ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) သို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁ရက်နေ့ည သန်းခေါင်အချိန်တွင်လည်း ဝိုင်းမော်မြို့ စန်ကားကျေးရွာက အဆုတ်ရောဂါကြောင့် ဆေးကုသနေရတဲ့လူငယ်တစ်ဦးကို စစ်ကောင်စီစစ်သား အယောက်(၂၀)ခန့်က လာရောက် ဖမ်းဆီးသွားတဲ့ သတင်းတွေ့ရပါတယ်။
ဩဂုတ် ၃၁ရက်နေ့မနက်တွင် ငါးပိုက်သွားဖြုတ်တဲ့ မြစ်ကြီးနားမြို့ မြို့သစ်ကြီးကွက်သစ်က အမျိုးသားနှစ်ဦးကို မြဝတီဘဏ်စောင့်တဲ့ စစ်ကောင်စီစစ်သားများက သေနတ်နဲ့ ပစ်ခတ်လို့ အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
အခြားသတင်းများမှာ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တွင် စပါးဖျက်ကြွက်များသောင်းကျန်းနေပြီး တနိုင်းမြို့နယ် တရုံကျေးရွာအုပ်စု တခက်ရွာတွင် ကျွဲများဆက်တိုက် ဖျားနာသေဆုံးနေတဲ့အတွက် ဒေသခံရွာသားများ စိုးရိမ်နေရတယ်လို့ သိရပါတယ်