စစ်ကောင်စီက ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ယနေ့ည လေယာဉ်ဖြင့် ဗုံးကြဲ
15 September 2023 – Kachinwaves
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ည ၈ နာရီဝန်းကျင်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သင်တန်း ပြုလုပ်ခဲ့သည့် ကျေးရွာစာသင်ကျောင်းအထင်နှင့် မှားယွင်းဗုံးကြဲခြင်း ဖြစ်နိုင်ကြောင်း အဆိုပါဒေသခံ ကဆိုသည်။
“စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှားချတာလား။ တမင်ဘုန်းကြီးကျောင်းကိုပဲ ရည်ရွယ်ချတာလား။ မသိရသေးဘူး။ ကျောင်းနဲ့မှားမယ်ထင်တယ်။ စာသင်ကျောင်းကိုဖျက်ဆီးချင်တာထင်တယ်။ တိုက်ပွဲလည်း မရှိဆိုတော့လေ” ခရမ်းစပ်ကုန်းကျေးရွာအလယ်ရှိ ဘုန်းကြီးကျောင်းကို ဗုံးတစ်လုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု ရှိသည်ဟု ကြားသိရကြောင်း အဆိုပါအမျိုးသားကပြောသည်။
“ဘုန်းကြီးကျောင်းဆိုတော့ ဘုန်းကြီးအပါအဝင် အရပ်သားတွေလည်း ထိခိုက်မှုရှိမယ်ထင်တယ်။ အခြေနေ တော့ မသိရသေးဘူး။”ဟု ဆိုသည်။
ကျောင်းတွင်သီတင်းသုံးသည့် သံဃာတော်တစ်ပါးပျံလွန်ပြီး ကပ္ပိယတစ်ပါးသေဆုံးသည်ဟု ဒေသခံက ဆိုသော်လည်း လက်ရှိအခြေအနေတွင် ဒေသခံများကို ဆက်သွယ်ရန် ခက်ခဲနေသည့်အတွက် Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိအချိန် (အင်တာဗျူးမေးချိန် ၈ နာရီခွဲခန့်က) အင်းတော်မြို့စစ်တပ်ကုန်းမှ ဗုံးကြဲခံရသည့် ခရမ်းစပ် ကုန်းကျေးရွာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း သိရသည်။
ခရမ်းစပ်ကုန်း ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) စိုးမိုးမှုအားကောင်းသည့် နယ်မြေဖြစ်ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။