ကံပေါက်ဒေသက ပြည်သူ ၃ ဦးအား စစ်ကောင်စီဖမ်းဆီး
16 May 2022-Kachinwaves
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အရပ်သားပြည်သူ အမျိုးသားသုံးဦးကို ယနေ့နံနက် တစ်နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
“လာဖမ်းတဲ့အချိန်မှာ ကားအသံတောင်မကြားလိုက်ရဘူး အိမ်ကိုအရင်လာဝိုင်းတယ်။ လူကိုဖမ်းပြီးမှစစ်ကားတွေရောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ လာဖမ်းတဲ့အချိန်မှာတော့ ဧည့်စာရင်းလာစစ်တဲ့ပုံစံမျိုးနဲ့လာပြီး လူဦးရေဘယ်နှစ်ယောက်ရှိလဲ မေးပြီးတာနဲ့ ဖမ်းသွားတာပဲ”ဟု ဒေသခံများက ဆိုကြောင်း ဖြစ်စဉ်ကို ပြန်လည်ပြောပြသည့် ဒေသခံက ပြောသည်။
အဖမ်းခံရသည့်အရပ်သားပြည်သူ အမျိုးသားသုံးဦးမှာ မိကျောင်းအိုင်ရပ်ကွက်မှ ကိုနီကိုဝင်း၊ လှည်းကုန်း အမှတ် ၁ ရပ်ကွက်မှ ကိုစိုးသန်းထွန်းနှင့် မိကျောင်းအိုင်စက်ရပ်ကွက်မှ ကိုနိုင်ဦးဖြစ်ကြောင်း ဆိုသည်။
ကိုနိုင်ဦးကိုတော့ နံနက် ၃နာရီခွဲခန့်တွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။
အဖမ်းဆီးခံရသည့်အမျိုးသားနှစ်ဦးကို ကံပေါက် မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်းဒေသခံများက ဆိုသည်။
မေလမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံပေါက်ဒေသရှိပြည်သူများကို ဧည့်စာရင်း အကြောင်းပြ၊ မူးယစ်ဆေးဝါးအကြောင်းပြချက်များဖြင့် ဖမ်းဆီးစစ်ဆေးမှုများဆက်တိုက်ပြုလုပ်လာနေကြောင်း သိရသည်။