အင်းတော်မြို့သိမ်းတိုက်ပွဲပြန်စ၊ မန္တလေး – မြစ်ကြီးနားလမ်း ယာယီပိတ်ထား
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး အင်းတော်မြို့ကို ကွင်းသွားရတဲ့ အင်းတော် – ကသာလမ်းပိုင်းနဲ့ မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာ ၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ကျန်ရှိနေတဲ့ အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ ဘုရားကုန်းနဲ့ စစ်တပ်ကုန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်တပ်ကုန်းကတော့ ရှေ့ကရဲဘော်တွေ မနေ့ကတည်းက ကြိုးစားလုံးနေတယ်။ လွယ်တော့မလွယ်လောက်ဘူး။ ဒီနေ့လည်း ချနေကြတယ်။”လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်ဘက်ကနေပြီးတော့ အင်းတော်မြို့ထဲကို မနေ့က မနက် ၉ နာရီလောက်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးတစ်လုံးကြဲချခဲ့ပြီး၊ ဒီကနေ့ ၁၁ နာရီလောက်မှာလည်း Y-8 တစ်စီးနဲ့ ထပ်မံဗုံးကြဲတာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။
အခုဖြစ်နေတဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
အင်းတော်မှာ တိုက်ပွဲပြန်ဖြစ်ပွားနေတဲ့အတွက်ကြောင့် အင်းတော် – ကသာလမ်းပိုင်းနဲ့ မန္တလေး – မြစ်ကြီးနားလမ်း (အင်းတော်ကွင်းလမ်း) ကို ယာယီပိတ်ထားရပြီး ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
“အင်းတော်ကွင်းလမ်းကို မနေ့က စပိတ်လိုက်တာ။ အင်းတော်မှာ တိုက်ပွဲပြန်ဖြစ်နေလို့ ဟုတ်တယ်။ ကားတွေတော့ အများကြီးပိတ်မိနေကြတယ်။”လို့ ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ ရက်နေ့က စတင်ခဲ့ပြီး၊ အင်းတော် နဘားလမ်းဆုံ စစ်ကောင်စီအထိုင်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံးတွေကို တော်လှန်ရေအဖွဲ့ဘက်က သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာတစ်လလုံး စစ်ဆိုင်ထားတဲ့ အခြေအနေကနေ မနေ့က မြို့သိမ်းတိုက်ပွဲပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။