အင်းတော်မြို့မ ဘုန်းကြီးကျောင်းက ပိတ်မိပြည်သူတစ်ချို့လွတ်လာ၊ ကြောက်လန့်မှုတွေကြောင့် စိတ်ဝေဒနာခံစားရသူတွေနဲ့ သေဆုံးသူတွေရှိ၊ စကစ က ပိတ်မိပြည်သူတွေကို မဟုတ်မမှန် ခြိမ်းခြောက်ထား
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ပြည်သူ ၁ ထောင်နီးပါးထဲက အယောက် ၄၀၀ လောက် ဒီကနေ့ မနက်ပိုင်းမှာ လွတ်မြောက်လာပြီး၊ ပြည်သူအချို့ဟာ ကြောက်လန့်မှုတွေကြောင့် စိတ်ဝေဒသနာတွေ ခံစားနေရတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အင်းတော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်လာတဲ့ ပြည်သူတစ်ထောင်နီးပါးကို မြို့ပြင်သို့မထွက်စေပဲ တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားရာကနေ ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အယောက်လေးရာလောက်ကို လွတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။
“ဒီမနက် ပြည်သူ ၄၀၀ လောက် လွတ်လာတယ်။ စစ်တပ်ဘက်က လွတ်ပေးခဲ့တာတဲ့။ ကျန်တဲ့ တစ်ဝက်ကျော်လောက်ကိုက ဘာလို့မလွတ်ပေးခဲ့တာလဲတော့ မသိဘူး။”လို့ ပြောပါတယ်။
အင်းတော်မြို့နယ် သံဃနာယကအဖွဲ့ကလည်း မြို့မဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ပြည်သူတွေနဲ့ သံဃာတွေကို စစ်ပွဲလွတ်ရာသို့ ထွက်ခွာစေလိုကြောင်း သက်ဆိုင်ရာ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၇ ရက်နေ့မှာ မေတ္တာရပ်ခံစာပို့ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း “တရားသောခုခံစစ်ကို ဆင်နွှဲနေခြင်းဖြစ်သည့်အားလျော်စွာ” ထွက်ခွာလာတဲ့ပြည်သူတွေကို အန္တရာယ်ပြုဆောင်ရွက်မှာ မဟုတ်ကြောင်း အသိပေးထားတဲ့စာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ကတော့ “PDF တွေက မင်းတို့ကို ဖမ်းလိမ့်မယ်။ ဒလန်ဆိုပြီး သတ်လိမ့်မယ်။”လို့ ပိတ်မိပြည်သူတွေကို ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
“စစ်တပ်ဘက်က ပြည်သူတွေကို ခြောက်ထားတာတော့။ မင်းတို့ထွက်ပြေးရင် PDF တွေက မင်းတို့ကို ဖမ်းလိမ့်မယ်။ ဒလန်ဆိုပြီး သတ်လိမ့်မယ်။ ၅ လလောက် အပြင်မထွက်စေပဲ စစ်ရှောင်စခန်းတွေမှာပဲ နေခိုင်းမှာ။ အဲ့လိုတွေ ပြည်သူတွေကို ပြောထားတာပေါ့။”လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမဲ့ အဆိုပါ လွတ်မြောက်လာသူတွေထဲမှ ပြည်သူတစ်ချို့တစ်ဝက်ဟာ လက်နက်ကြီးသံတွေ၊ နေအိမ်မီးလောင်တာတွေမြင်ပြီး စိတ်ဝေဒနာ ခံစားရသူတွေရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အဓိက စိတ်ဝေသနာ ခံစားရသူတွေက အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များတယ်။”လို့ ပြောပါတယ်။
ဘုန်းကြီးကျောင်းထဲ ပိတ်မိနေစဉ်အတွင်း အသက် (၂၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြောက်စိတ်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ပြီး၊ သေဆုံးသွားခဲ့သလို အသက် (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် (၃၀) နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ လက်နက်ကြီးထိတဲ့ ဒဏ်ရာကြောင့် ဆေးကုသခွင့်မရပဲ သေဆုံးသွားခဲ့တယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။