မိုးမောက် နဲ့ ဗန်းမော်မြို့ကြားမှာ တိုက်ပွဲဖြစ်ပွားနေ
10 May 2024 – Kachinwaves
မိုးမောက် – ဗန်းမော် လမ်းကြော ဗန်းမော်မြို့အဝင် ၄ မိုင်က စစ်ဆေးတပ် ဒီမနက်က ပစ်ခတ်ခံရတဲ့အပြင် ဒီကနေ့ မွန်းတည့် ၁၂ လောက်ကစပြီး အဆိုပါလမ်းကြောမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မိုးမောက်မြို့ပြင်က ခမရ ၄၃၇ တပ်ကို သိမ်းယူနိုင်ရေးအတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆက်လက်ထိုးစစ်ဆင်နေပြီး ဒီကနေ့မွန်းတည့် ၁၂ နာရီကစပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့ မိုးမောက်စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“တိုက်ပွဲအပြင်းအထန် ပြန်ဖြစ်နေတယ်။ အပြန်အလှန် ၂ ဖက်လုံး။ ၄၃၇ ဝိုင်းပစ်နေတယ်လို့ ရွာကပြောလာတယ်။”
မိုးမောက်ဘက်ကို ဗန်းမော်ကနေ တင့်ကားတွေနဲ့ စစ်ကူတွေပို့ပေးနေပြီး စစ်ကောင်စီရဲ့ တင့်ကားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကူတွေပို့ပေးနေတဲ့ ဗန်းမော်မြို့အဝင် ၄ မိုင်က စစ်ကောင်စီရဲ့ ဆေးတပ်ကိုလည်း ဒီမနက်အစောပိုင်း က တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်ပစ်ခတ်ခဲ့သေးတယ်လို့လည်း မိုးမောက်က စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။
“မနက်ပိုင်းကတော့ ၄ မိုင် ဆေးတပ်ကို လာပစ်သေးတယ်။ ၈ နာရီလောက်မှာ ငြိမ်သွားတယ်။ ညပိုင်း ဗန်းမော်ဘက်က ၄၃၇ တပ်ကို စစ်ကူပို့လို့ အားနည်းတဲ့တပ်ကို ဝင်လုံးတယ်လို့ပဲ ကြားတယ်။”
မနေ့ကလည်း အဲ့ဒီလမ်းကြောဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မစိန်ဆိုတဲ့ အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သေးတယ်လို့လည်း သူကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် မိုးမောက်မြို့နဲ့ ၄၃၇ တပ်အနီး၊ မံပုံကျေးရွာက ဒေသခံနေအိမ်များ မီးလောင်ပျက်စီးခဲ့တာတွေ ရှိတယ်လို့လည်း သိထားရပါတယ်။
မေလ ၇ ရက်နေ့ကတည်းက မိုးမောက်မြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် KIA နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး၊ ဒီနေ့နဲ့ဆိုရင် တိုက်ပွဲ ၄ ရက်မြောက်နေ့ကို ရောက်ရှိပြီ ဖြစ်ပါတယ်။