စစ်အင်အား ၈၀ ခန့်ဖြင့် ဟာပါရွာနှင့် ဆိတ်ဆားရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ
10 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဟာပါရွာနှင့် ဆိတ်ဆားကျေးရွာမှာ တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား စုစုပေါင်း ၈၀ ခန့်အား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း ဖောင်းပြင်ဒေသခံ တော်လှန်ရေးရဲဘော် တစ်ဦးထံမှ သိရသည်။
မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ စခန်းသိမ်းရှင်းလင်းခဲ့ကြောင်း ပြောပါသည်။
“စခ (စစ်ကောင်စီ) သေဆုံး ဒဏ်ရာရ မသိရသေး၊ ကိုယ့်ဘက်ကရောပေါ့။ အထိအခိုက်တော့ ရှိမှာပေါ့နော်။ ဟာပါ၊ ဆိတ်ဆား က ပြည်သူတွေက ကြာပါပြီ ရှောင်နေကြတာ၊ ခုလက်ရှိက စခပျူ (ပျူစောထီး) နဲ့ အပေါင်းအပါတွေ များတယ်။”ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စခန်းသိမ်း ရှင်းလင်းပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား လိုက်လံဖမ်းဆီးနေကြကြောင်းလည်း ပြောသည်။
ဟာပါရွာနှင့် ဆိတ်ဆားရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်တို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထဲက အထိုင်ချနေထိုင်နေပြီး ပြည်သူများကတော့ ထွက်ပြေးသိမ်းရှောင်နေခဲ့ရကြောင်းလည်း ပြောသည်။
“အဲ့ရွာက ပြည်သူတွေက စစ်ရှောင်နေကြရတာ ၂၀၂၂ မကုန်ခင်လောက်ကတည်းက တော်တော်များများက ဖောင်းပြင်မြို့ထဲရှောင်နေကြတာ”ဟု ဆိုသည်။
ဆိတ်ဆားရွာနှင့် ဟာပါရွာသည် တစ်ဆက်တည်းရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ ၎င်းရွာရှိ ပြည်သူ ၁ ထောင်နီးပါးလည်း ဖောင်းပြင်မြို့ဘက်သို့ ရှောင်းတိမ်းနေကြကြောင်း သိရသည်။
မေလ ၄ ရက်နေ့ကလည်း ရောင်းဟီးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီစစ်သား အလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်။