ခလရ (၁၄၁) စခန်းကုန်းကြီးကိုအပြီးသိမ်း၊ ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်
29 April 2024 – Kachinwaves
နှစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရသည့် ဆင်ဘိုမြို့ရှိ ခလရ (၁၄၁) စစ်တပ်ကို ယမန်နေ့က အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ကာကုန်း ၃ ခုကို ဧပြီ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များက ဆက်တိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် ဆက်လက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ညနေက အပြီးသိမ်းယူနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“မနေ့ညနေ မိုးချုပ်စပေါ့ ရတာက။ ပထမက ကာကုန်း၊ နောက်ထပ် ကာကုန်းတစ်ခုပြီးမှ စခန်းရတာ။ ကာကုန်းကျသွားတော့ မခံနိုင်တော့ဘူးပေါ့။”
စစ်ကောင်စီဘက်မှ တပ်ရင်းမှုးအဆင့်အပါအဝင် တပ်ဖွဲ့ဝင်များ အသေအဆုံးများခဲ့ကြောင်း သိရသည်။
ဆင်ဘိုတပ်မကျရေးအတွက် စစ်တပ်ဘက်မှ တိုက်လေယာဉ်၊ Y- 12 ဗုံးကြဲလေယာဉ်၊ ရဟတ်ယာဉ် စသည့် လေယာဉ်အမျိုးမျိူးနှင့် အခေါက်ခေါက်အခါခါ ဗုံးကြဲခဲ့သည့်ကြားက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ၂ လကျော်ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် နင်းမိုင်းများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း အကျအဆုံးများခဲ့သည်ဟု သိရှိရသည်။
မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဆင်ဘိုမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အဓိကတပ်စခန်းကုန်းကြီးကို ယမန်နေ့ညနေကျမှ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး ဆင်ဘိုမြို့ကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အားလုံးထိန်းချုပ်နိုင်ပြီ ဖြစ်သည်။